AA စစ်ဦးစီးချုပ် ဇနီးနှင့် ကလေးငယ် နှစ်ဦး ဖမ်းဆီးခံရ
2019.12.06

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ဇနီး၊ သားသမီးတွေကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ဒီကနေ့မှာတော့ မြန်မာဘက်ကိုလွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။
ချင်းမိုင်ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ တော်လှန်ရေးလှုပ်ရှားသူတွေရဲ့ နယ်မြေအဖြစ် ထင်ရှားပေမယ့် ဒီနေရာဟာ မလုံခြုံတော့ဘူးလို့ ဝေဖန်လာကြပါတယ်။
နယ်စပ်ဖြတ်ကျော် ဖမ်းဆီးလွှဲပြောင်းတဲ့လုပ်ရပ်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက နယ်စပ်ဖြတ်ကျော် ဓါးစာခံတွေကို ဖမ်းဆီးတဲ့လုပ်ရပ်နဲ့ တူတယ်လို့ ဝေဖန်နေကြပါတယ်။
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇာဖြူ၊ သမီးနဲ့ သားဖြစ်သူ ကလေးငယ် နှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ အသက် ၃၉ နှစ်အရွယ် မနှင်းဇာဖြူ၊ သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မစောပြည့်ရှင်နဲ့ သားဖြစ်သူ ၁၁ လသားအရွယ် မောင်မြတ်လင်းဇင်တို့ ဖြစ်ကြပါတယ်။
ဒီလိုဖမ်းဆီးရတာဟာ မြန်မာအစိုးရဘက်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ အပါအဝင် ညီအစ်ကိုမောင်နှမ တော်စပ်သူ ၁၀ ယောက်ဟာ အဖျက်အမှောက် လုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်တာကြောင့် ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရကို မြန်မာဘက်က တောင်းဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ နေ့လယ် ၂ နာရီခွဲ အချိန်မှာတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဒုတိယရဲချုပ် ဦးဆောင်ပြီး မနှင်းဇာဖြူနဲ့ သားသမီးတွေကို ထိုင်း မြန်မာနယ်စပ်တစ်နေရာကို ချင်းမိုင်မြို့ကနေ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးခံရသူ မိသားစု သုံးယောက်ကို လိုက်ပါကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ရခိုင်လူ့အခွင့်အရေးအဖွဲ့ သုတေသနာဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ကလည်း AA စစ်ဦးစီးချုပ်ရဲ့ ဇနီး အပါအဝင်၊ တခြား လူဆယ်ယောက်ခန့်ကို မြန်မာနိုင်ငံအစိုးရဘက်က ဖမ်းပေးဖို့ ကူညီတောင်းခံနေတာရှိကြောင်း ပြောပါတယ်။
“သူတို့မိသားစုဝင်တွေ အပါအဝင် နောက်ပြီးတော့ ဖမ်းဝရမ်းထုတ်တာတွေရော နောက်ပြီးတော့ မိသားစုနဲ့အခြားပုဂ္ဂိုလ်တွေ တော်တော်များများကို ထိုင်းလဝကတို့ ရဲတို့မှာ ဗမာအစိုးရက ပေးထားတာရှိတယ်ခင်ဗျ၊ ဆိုတော့ သူတို့ဗီဇာသက်တမ်းတိုးတဲ့အခါမှာ သူတို့နာမည်တွေက ကွန်ပျူတာမှာပေါ်လာတဲ့အခါကြတော့ ဒီလိုမျိုးဖြစ်သွားတာပေါ့ခင်ဗျ”
ထိုင်းတာဝန်ရှိသူတွေထံက သိရှိရတာကတော့ မနှင်းဇာဖြူ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ဟာ မှန်ကန်မှု မရှိတဲ့အတွက် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်မပြုကြောင်း မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းက အကြောင်းကြားလာတယ်လို့လည်း သိရပါတယ်။ မနှင်းဇာဖြူဟာ ကလေးငယ်တွေနဲ့အတူ ထိုင်းနိုင်ငံမှာ နေထိုင်တာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ချင်းမိုင်မြို့နယ်ဘက်မှာ ထောက်ခံဝန်းရံသူတွေနဲ့ တွေ့ဆုံပွဲတွေ တက်ရောက်ဖူးပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနဲ့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးတို့ကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။
ဒါ့အပြင် ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ဆီကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါဘူး။
AA စစ်ဦးစီးချုပ်ရဲ့ဇနီး မနှင်းဇာဖြူဟာ လက်ရှိ ရခိုင်အမျိုးသားပါတီ (ANP) ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှရဲ့ သမီးအရင်းဖြစ်ပါတယ်။ RFA က လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို ဆက်သွယ်တဲ့အခါ သူ့အနေနဲ့ သတင်းကို ကြားသိရပေမယ့်၊ အခြေအနေစောနေသေးကြောင်း၊ ဆက်လက်စောင့်ကြည့်ဦးမယ်လို့ ပြောပါတယ်။
“ကျွန်တော်လည်းဒီဘက်မှာ သတင်းတွေကနေသိရတယ်၊ ဒါပေမဲ့ လောလောဆယ် ပြောစရာတစ်ခုမှ မရှိသေးဘူး၊ လောလောဆယ် ပြောဖို့စောသေးတယ်၊ အခြေအနေကို တိတိကျကျ တစ်ခုမှ မသိရသေးတဲ့အတွက် တစ်ခုခု ပြောမှားဆိုမှားဖြစ်သွားရင် မကောင်းဘူး၊ စောင့်ကြည့်ရမယ့်သဘောရှိတယ်”
လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က အခုလိုလုပ်ရပ်မျိုးကို လုံးဝလက်မခံနိုင်ကြောင်း၊ ရှုတ်ချကြောင်းနဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်နှစ်ယောက်ကို နယ်စပ်ဖြတ်ကျော်ပြီးတော့ ဓါးစာခံဖမ်းသလို လုပ်ရပ်ဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့တဲ့ လုပ်ရပ်နဲ့တူကြောင်း ဝေဖန်ပါတယ်။
“အခု စစ်တိုက်ကြတာဟာ ယောက်ျားတွေအချင်းချင်း တိုက်ကြ တာဖြစ်တယ်၊ သူတို့မကျေနပ်လို့ စစ်တိုက်ကြတဲ့အခါမှာ စစ်ရေး နဲ့ပဲ ဖြေရှင်းသင့်တယ်လို့မြင်တယ်၊ အခုလိုမျိုး မိန်းမတစ်ယောက်နဲ့ ကလေးနှစ်ယောက်ကို ဓားစာခံလိုဖမ်းဆီးတဲ့လုပ်ရပ်ဟာ တကယ့် ကိုလူမဆန်တဲ့ လုပ်ရပ်လို့ ပြောလို့ရတယ်”
အသံ- Athan အဖွဲ့တည်ထောင်သူ ဒါရိုက်တာ မောင်ဆောင်းခ ကလည်း မိသားစုဝင်တွေကို အခုလို ဖမ်းဆီးတာကို လက်မခံနိုင်ကြောင်း ပြောပါတယ်။
“လူ့အခွင့်အရေးရှုထောင့်က ပြောမယ်ဆိုရင် အဲဒီလိုမျိုး ဖမ်းလို့ မရဘူး၊ ဒါကမိသားစု၊ ပြီးတော့ သူတို့ဟာ လက်နက်ကိုင်ကိစ္စ အပေါ်မှာလည်း ပါဝင်ပတ်သက်နေတာ မရှိဘူး၊ စစ်တပ်ကပဲ ဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် AA ကိုအကြမ်းဖက်လို့ သတ်မှတ်ပြီး တရားစွဲချင်တယ်ဆိုရင် သူတို့ကိုပဲ တရားစွဲဖို့ကြိုးစားရမှာ ဖြစ်တယ်၊ သူတို့နဲ့သက်ဆိုင်တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာဟာ ဥပဒေနဲ့ လုံးဝမညီဘူး၊ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ပဲ မြင်ပါတယ်ခင်ဗျ”
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမ မိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာအာဏာပိုင်တွေကို လွှဲပြောင်းပေးခဲ့ပါတယ်။
သူတို့နှစ်ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။
ဇူလိုင်လတုန်းကလည်း ရက္ခိုင့်တပ်တော်ကို ထောက်ခံအားပေးလို့ဆိုပြီး စင်္ကာပူမှာနေထိုင်တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ခြောက်ယောက်ကို စင်္ကာပူအာဏာပိုင်တွေက ဖမ်းဆီးပြီးတော့ မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ သူတို့ ခြောက်ယောက်ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အစရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ မိသားစုတွေကတော့ ထိုင်းနိုင်ငံမှာ ဝင်ထွက်သွားလာ လှုပ်ရှားနေတာရှိပေမယ့်လည်း ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးခြင်းမရှိပါဘူး။