ရခိုင်ခေါင်းဆောင်တွေ မလေးရှားမှာ သေနတ်ပစ်ခံရ
2014.02.06

မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို လူတစ်စုက အကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဗုဒ္ဓဟူးနေ့ညက အမည်မသိ အကြမ်းဖက် သမားတစ်စုက သေနတ် နဲ့လိုက်လံပစ်ခတ်ခဲ့ကြရာမှာ၊ သူတို့စီးလာတဲ့ကားကို ထိမှန်ပြီး၊ လူတွေတော့ လွတ်မြောက်သွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဦးအေးသာအောင်တို့နဲ့အတူ ကားထဲမှာ လိုက်ပါသွားခဲ့တဲ့ မလေးရှားရောက် ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစိုးအောင်က RFA ကို အခုလိုပြောပါတယ်။
“ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်နဲ့ နှစ်ယောက်က ကားဘေးကနေ ကပ်လိုက်လာပြီးတော့ ပစ်တာပေါ့၊ ကျနော်တို့ ပစ်တယ်လို့ သိလိုက်တဲ့အချိန်မှာ ကျနော်တို့က ကားကိုလွတ်အောင် မောင်း တာပေါ့ဗျာ၊ မောင်းတဲ့အချိန်မှာ သူတို့က နောက်ကထပ်လိုက်တာပေ့ါဗျာ၊ နောက်ပြီးတော့ ဘေးကို တစ်ချက်ပစ်တယ်၊ နောက်ကနေထပ် နှစ်ချက်ပစ်တာပေါ့၊ သုံးချက်ပေါ့၊ ကားထဲမှာ ကျည်ဆန် သုံးခုတွေ့တာပေါ့၊ ပစ်တဲ့အချိန်မှာ ကြားလိုက်တာက ပစ် ထပ်ပစ် ထပ်ပစ်ဆိုပြီးတော့လို့ ပြောတာ ကြားလိုက်တယ်”
သေနတ်သမားတွေက သူတို့ကားနောက်ကနေ လိုက်လံပစ်ခတ်ချိန်မှာ မြန်မာစကားနဲ့ပြောဆိုသံကြားခဲ့ရတဲ့ အတွက် အဲဒီအကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံက ဖြစ်လိမ့်မယ်လို့ ဦးစိုးအောင်က ဆိုပါတယ်။
ဦးအေးသာအောင်နဲ့ဒေါက်တာအေးမောင် ဦးဆောင်တဲ့အဖွဲ့ဟာ မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့တွေ့ဆုံဆွေးနွေးဖို့သွားရောက်နေတာဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုမှာ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း၊ ဒီဖြစ်ရပ်ကို မလေးရှားရဲဌာနမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ သေနတ်သမားတွေကို ရှာလို့မတွေ့သေးဘူးလို့ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဦးစိုးအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။