ဆုတောင်းပွဲတက်မယ့်သူတွေအတွက် အထူးရထား ပြေးဆွဲ


2017.11.26
train-622.jpg ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ရထားတစ်စင်းကို တွေ့ရစဉ်
.

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဝတ်ပြု ဆုတောင်းပွဲကို တက်ရောက်လိုသူတွေအတွက် မြန်မာ့မီးရထားက ရန်ကုန်မြို့တွင်းမှာ ပုံမှန်ပြေးဆွဲနေကျ မြို့ပတ်ရထားတွေအပြင် အထူးရထား သုံးစင်းနဲ့ ပွဲကျင်းပရာ ကျိုက္ကဆံကွင်းအနီးဝန်းကျင်ထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

ပုံမှန်မြို့ပတ်ရထား ခရီးစဉ်တွေလည်း မထိခိုက်အောင် ညလယ်ပိုင်း နဲ့ မနက်အစောပိုင်းတွေမှာ ပြေးဆွဲပေးသွား မှာဖြစ်ပြီး ခရီးသည် တစ်သောင်းဝန်းကျင်ကို ပို့ဆောင်နိုင်အောင် စီစဉ်ထားတယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

"ရန်ကုန်တော့ ၂၉ ရက်နေ့ကို ရထားသုံးဆိုင်းလည်းပါမယ်၊ အဲ့ဒီသုံးဆိုင်းကလည်းမနက်အစောကြီး မနက် ၃ နာရီ၊ ၄နာရီလောက်ကတည်းက စပြီးတော့ ပြေးပေးမယ်၊ နောက်ပြီးတော့ မြို့ပတ်တွေလည်း ည ၁၂ နာရီလောက်ကတည်းကစပြီးတော့ စီစဉ်ပေးထားတယ်၊ ခရီးသည် တစ်သောင်းလောက်သယ်ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်"

ရထားလက်မှတ်ခဈေးနှုန်းတွေကတော့ ပုံမှန်အတိုင်း ခရီးဝေး ၂၀၀ ကျပ်၊ ခရီးနီးရင် တစ်ရာကျပ်နဲ့ ပြေးဆွဲပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရောက်ရှိမယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကြိုဆိုပွဲနဲ့ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဆုတောင်းပွဲအခမ်းအနားကို တက်ရောက်ကြမယ့် ခရီးသည်တွေအတွက် လည်း  မြစ်ကြီးနား မန္တလေး ရန်ကုန် အစုန်အဆန် ကို အထူးရထား သုံးစီးနဲ့ ရိုးရိုးရထားတစ်ဆိုင်းမှာ တွဲ ၄ တွဲနဲ့ ပြေးဆွဲဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ လေးရက်ကြာ လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးဟာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ကက်သလစ်ဘာသာဝင် သုံးသိန်းလောက်နဲ့ တွေ့ဆုံသွားဖို့ ရှိပြီး နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။