လွတ်ရက်စေ့ NLD မြို့နယ် ဒု ဥက္ကဋ္ဌ ပြန်လွတ်လာ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အင်န်အယ်လ်ဒီ ဒုက္ကဌနဲ့ မြို့နယ်စည်းအဖွဲ့ဝင် တဦးကို အောက်တိုဘာ၂၀ ရက် မနေ့က လွတ်ရက်စေ့လို့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

2010.10.21

သူတို့ကတော့ တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးချစ်ဖေနဲ့ မြို့နယ်စည်းအဖွဲ့ဝင် ဦးအောင်စိုးဝေတို့ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်စလုံးကို လွှတ်လိုက်ပြီဆိုတာကို ကာယကံရှင်တွေက မိသားစုဆီ ဖုန်းဆက် အကြောင်းကြားတာကို ပြန်ပြောပြလို့ သိရပေမဲ့ အခုအချိန်အထိတော့ အိမ်ကို မရောက်လာကြသေးဘူးလို့ တွံတေးမြို့က ကျူရှင်ဆရာ ဦးအောင်ဖေက RFA ကို ပြောပါတယ်။

သူတို့ ၂ယောက်ကို ၂၀ဝ၉ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲက အပြန်မှာ အဖမ်းခံရကာ ထောင် ၁ နှစ်ခွဲ ချပြီး လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးလိုက်တာသာ ဖြစ်ကြောင်း ဦးအောင်ဖေက ဆက်ပြောပါတယ်။

“၂၀ဝ၉ ဧပြီလထဲမှာ အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆုတောင်းပွဲလုပ်တယ်၊ ဒီဇီးဖြူကုန်းရွာရဲ့ အစွန်က ဖက်တရာ ဘုရားမှာ အဲဒီမှာသွားပြီးတော့အခါမှာ သူတို့နဲ့ ရွာသားတချို့ ပါတယ်။ မွေးနေ့ပွဲ ဆုတောင်းပွဲ လုပ်ရင်းနဲ့ ဖမ်းလိုက်တာပါ။ သာသနာ့ အလံလေးမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုတဲ့ စာတမ်းလေးရေးတယ်။ အဲဒါနဲ့ သူတို့ကို ၂၉၅ ပုဒ်မတပ်ပြီးတော့ သူတို့ကို တနှစ်ခွဲချလိုက်တာပေါ့။”

သူတို့ကို သာသနာညှိုးနွမ်းအောင် ဆောင်ရွက်မှု ပုဒ်မနဲ့ တရားစွဲ ထောင်ချလိုက်တာပါ။ တွံတေးမြို့နယ်အတွင်းက နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေသူ အားလုံး ၈ ယောက်ရှိပြီး ကျန်တဲ့ ၆ ယောက်ကတော့ အခုချိန်အထိ ထောင်ထဲမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။