အမေရိကန် လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်


2014.06.21
tom-malinowski-305 လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကို တွေ့ရစဉ်
Photo:news2night.com

အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ မွန်ပြည်နယ်၊ ကရင်ပြည် နယ် ဘားအံမြို့၊ ရန်ကုန်မြို့နဲ့နေပြည်တော်ကို ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ သွားရောက်မယ်လို့ ဝါရှင်တန်ဒီစီရုံး က ကြေညာလိုက်ပါတယ်။

အဲဒီအမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေး ဌာန၊ ကာကွယ်ရေးဌာနနဲ့ ဘဏ္ဍာရေးဌာနက အရာရှိတွေပါဝင်မှာဖြစ်ပြီး၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊ လူ့အခွင့်အရေး အပေါ် မြန်မာစစ်တပ်အရာရှိတွေရဲ့ ပူးပေါင်းဆောင်ရွက် မှု စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ဆိုပါတယ်။

ကရင်နဲ့မွန်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံတိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်တွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုပါဝင် ကူညီသင့်လဲဆိုတဲ့အကြောင်းကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာတော့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုရှိဖို့၊ လူ့အခွင့်အရေး လိုက်နာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ဆောင်ကြဖို့ကိစ္စတွေကို ဆွေးနွေးမယ်လို့သိရပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက အထူးစောင့်ကြည့်လေ့လာဖို့ သတ်မှတ်တဲ့စာရင်းဝင် စီးပွားရေးသမားတွေ နဲ့ တွေ့ဆုံပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့လုံခြုံရေးတွေမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ ထောက်ပံ့ကူညီမှုတွေ ဘယ်လိုပေးနိုင်မလဲဆိုတာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေတဲ့ ရခိုင်ပြည်နယ်အရေးလည်း ဆွေးနွေးမှာဖြစ်ပါတယ်။

နေပြည်တော်မှာတော့ မြန်မာအစိုးရခေါင်းဆောင်ပိုင်းရော စစ်တပ်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံပြီး လူ့အခွင့်အရေးကိစ္စတွေ ဆွေးနွေးမယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။