နမ့်ခမ်းမြို့နယ်ထဲက ပန်းဆေး ပြည်သူ့စစ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း TNLA ပြော
2023.11.19

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက ပန်းဆေး ပြည်သူ့စစ်စခန်းကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က နိုဝင်ဘာလ ၁၉ ရက် ဒီကနေ့ မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
TNLA ရဲ့ တပ်မဟာ (၁) စစ်ဒေသမှာရှိတဲ့ အဲဒီတပ်စခန်းဟာ ပြည်သူ့စစ်တွေအပြင် စစ်ကောင်စီ တပ်သားတွေပါ ရှိနေတာလို့ TNLA ဘက်က ပြောပါတယ်။
ပန်းဆေး ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူပါ။
အဲဒီတွေ့ဆုံမှုမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့စစ်တွေ အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး နယ်မြေ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း TNLA ရဲ့ အမှတ် (၆) စစ်ဒေသဖြစ်တဲ့ လားရှိုး မြို့နယ်ထဲက ဂျာယန် ပြည်သူ့စစ်စခန်းကို သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၈ ဦးနဲ့အတူ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေသလို နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ မနက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့၊ သာယာကုန်း ရပ်ကွက်ထဲကို စစ်ကောင်စီရဲ့ စခန်းသစ်တပ်ကနေ လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်း လုံခြုံရေးတပ်ကုန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နမ့်ခမ်းမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတစ်ခု တိုက်ခိုက်ခံရပေမယ့် ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ ပြည်တွင်း မီဒီယာတွေကို ပြောထားပါတယ်။