နောင်ချိုက စစ်ကောင်စီ အကျဉ်းစခန်းလေးခုကို TNLA သိမ်းယူ
2023.11.20

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် လွင်ကြီး၊ ကုန်းစံ၊ ဟိုခိုနဲ့ ကျူအင်းရွာတွေမှာရှိတဲ့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနရဲ့ စခန်းလေးခုကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က RFA ကို ပြောပါတယ်။
အကျဉ်းသားတွေကို ဘယ်လို ဆက်ဆောင်ရွက်မယ်ဆိုတာ စီစဉ်နေတယ်လို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
“အဲဒီမှာက ရဲဘက်စခန်းလို့ ပြောလို့ရမှာပေါ့နော်။ ကျွန်တော်တို့ လက်နက် သိမ်းဆည်းရမိတာရှိပြီးတော့ အကျဉ်းသားတွေတော့ ပြန်လွှတ်ပေးတာ မရှိသေးဘူး။ ကျွန်တော်တို့ အုပ်ချုပ်ရေးဌာနက ကြီးကြပ်ပြီးမှ ဆောင်ရွက်နေတုန်းဖြစ်ပါတယ်”
ဒီအကျဉ်းစခန်းတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သီပေါအပြင် တခြား အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကို ရဲဘက်ဆိုင်ရာ အလုပ်တွေလုပ်ဖို့ ထားရှိတဲ့နေရာတွေ ဖြစ်ပါတယ်။
ဒီအကျဉ်းသားတွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေးစတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြရတာပါ။
အကျဉ်းစခန်းတွေနဲ့နီးတဲ့ ဒိုးပင်ကျေးရွာ ရဲစခန်းကိုလည်း မနေ့က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဒိုးပင် ရဲစခန်းအနီးကို စစ်ကောင်စီတပ်က မနေ့က လေကြောင်းကနေ ပေါင်ငါးရာ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ စစ်ကောင်စီ တပ်သားလေးဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA ပြောခွင့်ရသူက ပြောပါတယ်။
နောင်ချိုက အကျဉ်းစခန်းလေးခု တိုက်ခိုက်သိမ်းယူခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နောင်ချို၊ လားရှိုး၊ မန်တုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ ကျောက်မဲ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။