နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၁၃ ဦးသေဆုံး

RFA Burmese
2023.12.19
နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၁၃ ဦးသေဆုံး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ခဲ့သည့် နမ့်ခမ်းစခန်းသစ်ကုန်းမြင်ကွင်းအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့မြင်ရစဉ်။
Photo: mai amm la ngean

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေး သုံးဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လိုက်ပါတယ်။

နမ့်ခမ်းမြို့ကို နိုဝင်ဘာ ၁၇ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်မှာ စစ်ကောင်စီ စခန်းသစ်ကုန်းအပါအဝင် ရဲစခန်းနဲ့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေ အားလုံးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နမ့်ခမ်းမြို့သိမ်းတိုက်ပွဲမှာ TNLA ဘက်က ၄၉ ဦးသေဆုံးခဲ့ပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နမ့်ခမ်းက စစ်တပ်စခန်းတွေကို TNLA တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ် လေးရာကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးနဲ့ ၁၂ ကြိမ်၊ အဆိပ်ငွေ့ဗုံးခြောက်လုံး အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ခဲ့သည့် နမ့်ခမ်းစခန်းသစ်ကုန်းမြင်ကွင်းအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့မြင်ရစဉ်။ (Photo: mai amm la ngean)
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ခဲ့သည့် နမ့်ခမ်းစခန်းသစ်ကုန်းမြင်ကွင်းအား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့မြင်ရစဉ်။ (Photo: mai amm la ngean)

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်အပါအဝင် အရာရှိတွေ သေဆုံးခဲ့တယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အဦတွေ၊ ဆေးရုံနဲ့ လူနေအိမ် အလုံး ၇၀ လက်နက်ကြီးထိမှန်ခဲ့သလို အိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

နမ့်ခမ်းမြို့ကို TNLA က သိမ်းလိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက နမ့်ဆန်မြို့ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။