သီပေါမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်မိသားစုဝင် နှစ်ရာနီးပါးကို TNLA ပြန်လွှတ်
2024.10.14

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၁၉၁ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နဲ့ (၅၀၄) စခန်းတွေကို သိမ်းယူခဲ့တဲ့တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ တပ်မိသာစုးဝင် (၁၉၁) ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာလို့ TNLA က ထုတ်ပြန်ပါတယ်။
လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဖမ်းဆီးရမိတဲ့ တပ်မိသားစုဝင် ၁၉၁ ဦးကို ပြန်လွှတ်ပေးလိုက်တာလို့ TNLA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်ကြောင်း TNLA ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စက်တင်ဘာ ၂၅ ရက်နေ့က ခမရ ၅၀၃ တပ်စခန်းကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီစခန်းကနေ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၄၈ ဦးနဲ့ ကလေး ၄၃ ဦးအပါအဝင် စုစုပေါင်း တပ်မိသားစုဝင် ၁ဝ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့က ခမရ ၅၀၄ စခန်းကို သိမ်းပိုက်ခဲ့ပြီး အဲဒီစခန်းကနေ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၃၉ ဦးနဲ့ ကလေး ၃၄ ဦးအပါအဝင် စုစုပေါင်း တပ်မိသားစုဝင် ၈၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သီပေါမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကို သိမ်းယူနိုင်ခဲ့တာကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှာ သီပေါမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ပြီလို့ TNLA က ပြောထားပါတယ်။