စစ်တပ်သတင်းပေးနဲ့ မူးယစ်ဆေးသုံးစွဲသူ နှစ်ရာနီးပါးကို TNLA ဖမ်းဆီး

RFA Burmese
2024.07.11
စစ်တပ်သတင်းပေးနဲ့ မူးယစ်ဆေးသုံးစွဲသူ နှစ်ရာနီးပါးကို TNLA ဖမ်းဆီး ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့အတွင်းရှိ စျေးတစ်ခုတွင် စောင့်ကြပ်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်တစ်ဦး။
Photo: AFP

တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ကောင်စီ သတင်းပေးသူတွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေအပါအဝင် လူ ၁၈၀ ကို ဖမ်းဆီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁၄၆) ဦး၊ အမျိုးသမီး (၁၁) ဦး၊ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးအပါအဝင် အယောက် ၁၆၀ ဖမ်းဆီးခံထားရပါတယ်။

ဒါ့အပြင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူသူနှစ်ဦး၊ မူးယစ်ရမ်းကားသူ နှစ်ဦး အပြင် TNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်ကို သတင်းပေးနေသူ ၁၆ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ သူတို့အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တာတွေ စစ်ဆေး၊ အရေးယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။

မူးယစ်ဆေးမှုနဲ့ အဖမ်းခံရသူတွေဟာ အရင်ကလည်း အလားတူအမှုတွေနဲ့ ထောင်ကျခဲ့ဖူးတွေဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြို့တွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားစေဖို့နဲ့ စစ်တပ်ကို သတင်းပေးဖို့အတွက် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာလို့ TNLA က စွပ်စွဲထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ စစ်ကောင်စီ တပ်စခန်း ၁၂ ခုနဲ့ မြို့ကိုပါ သိမ်းယူထားနိုင်တာပါ။

ဇွန် ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ နောင်ချိုမြို့ကို သိမ်းယူနိုင်ခဲ့သလို ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း TNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။