လားရှိုးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး TNLA ငြင်းဆို
2018.02.23

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညနေက လားရှိုးမြို့က ရိုးမဘဏ်ဘေးက ပေါက်ကွဲမှုဟာ တအာင်း ပလောင် TNLA က ဖေါက်ခွဲတာ မဟုတ်ဘူးလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ငြင်းဆိုပါတယ်။
TNLA အနေနဲ့ လူထုကို ထိခိုက်စေတဲ့ လုပ်ရပ်တွေလုပ်ဖို့ မူဝါဒမရှိသလို အခုဖြစ်ခဲ့တဲ့ ဖောက်ခွဲမှုကိုလည်း လက်မခံဘူးလို့ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။
"ကျနော်တို့အဖွဲ့တော့ မဟုတ်ဘူး။ ကျနော်တို့အဖွဲ့လည်း အဲဒီလို လူထုတွေထိခိုက်မယ့်လုပ်ငန်းတွေ၊ ပျက်စီးဖို့ မူဝါဒလည်း မရှိဘူး။ ဟုတ်ကဲ့ ခုနပြောသလိုပေါ့ လူထုကို ထိခိုက်နိုင်မယ့်ဟာ ကျနော်တို့အဖွဲ့မှာလည်း မူဝါဒ မရှိဘူး။ ဒီကိစ္စကိုလည်း လက်မခံဘူးပေါ့နော်။"
အခုလ ၂၁ ရက်နေ့ညနေက လားရှိုးမြို့ပေါ်က ရိုးမဘဏ်ဘေးမှာ မိုင်းဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ယောက်သေဆုံးကာ ၂၂ ယောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာ လူမှုကွန်ယက်စာမျက်နှာတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ KIA တပ်ဖွဲ့တွေ ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးပေးနေတာ ရှိပါတယ်။
TNLA နဲ့ KIA အဖွဲ့ဝင်တွေက လားရှိုးမြို့ပေါ်မှာ ဖောက်ခွဲမှုတွေလုပ်ဖို့အတွက် လူလွှတ်ထားတယ်ဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက တပ်မတော်က ဒေသခံတွေကို ဖြန့်ဝေခဲ့တဲ့ လက်ကမ်းစာစောင်ကိုလည်း လားရှိုးပေါက်ကွဲမှု ဖြစ်ပြီးချိန်မှာ ပြန်လည်ဖြန့်ဝေမှုတွေရှိနေပါတယ်။
ဒါပေမဲ့ အဲဒီကိစ္စဟာလည်း တပ်မတော်ဘက်က စွပ်စွဲမှု သက်သက်သာဖြစ်တယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး KIA ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာလည်း ဘယ်အဖွဲ့က ဖောက်ခွဲတယ်ဆိုတာ ထည်သွင်းဖော်ပြထားတာ မရှိပါဘူး။