ကျောက်မဲက စစ်ကောင်စီတပ်သား ၁၇ ဦးလက်နက်ချတဲ့ရုပ်သံ TNLA ထုတ်ပြန်

RFA Burmese
2024.06.26
ကျောက်မဲက စစ်ကောင်စီတပ်သား ၁၇ ဦးလက်နက်ချတဲ့ရုပ်သံ TNLA ထုတ်ပြန် ကျောက်မဲမြို့တွင် TNLA တပ်ဖွဲ့ထံ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားစဥ်။
Screenshot from TNLA Video

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မှာ မနေ့ကစလို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ စကခ(၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ချခဲ့တဲ့ရုပ်သံဗီဒီယိုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၆ ရက် ဒီနေ့ ညနေက သတင်းထုတ်ပြန်ပါတယ်။

“ကျောက်မဲမှာက တပ်လေးခု ရှိတာပေါ့ ။ မြို့အဝင်မှာ အမြောက်တပ်ရှိတယ်။ အဲနေရာမှာက လူကိုမရှိတာ။ ၅၀၁၊ ၅၀၂ ရယ် စကခ(၁) ရယ်က တစ်ဆက်တည်းရှိတာ ကုန်းပေါ်မှာပေါ့။ လူအင်အားရော စိတ်ဓာတ်နဲ့ စစ်ကူပိုင်းပါ ကွာနေတော့ သိပ်ကြာကြာ တောင့်ခံနိုင်တဲ့ အခြေအနေတော့မတွေ့ဘူး”လို့ ရှမ်းပြည်အခြေစိုက် နိုင်ငံရေးအကဲခတ် တစ်ဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၈ နာရီလောက်ကစပြီး ကျောက်မဲ လမ်းခွဲမှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်-၃၅၂ တပ်ရင်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ဆေးရုံနဲ့ အမြောက်တပ်စခန်း နေရာတွေကို တော်လှန် ရေးတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ကျောက်မဲ ရဲစခန်းကိုလည်း TNLA နဲ့PDF ပူးပေါင်းအဖွဲ့တွေက ပူးတွဲတိုက်ခိုက်နေပြီး ရဲစခန်းနဲ့ တစ်ဆက် တည်းရှိတဲ့ ပန်ပေါလေး၊ ရန်ကင်းရပ်ကွက်နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါ တယ်။

အခု TNLA က ထုတ်ပြန်တဲ့ဗီဒီယိုအပြင် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့ညနေအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကျောက်မဲမြို့မှာ နှစ်ရက်တာတိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။