ကျောင်းသားသပိတ်ဝန်းရံသူ ခွဲစိပ်ကုသခံရမည်
2015.06.05

အစိုးရကဖမ်းဆီးတရားစွဲထားတဲ့ ကျောင်းသားသပိတ်ဝန်းရံသူ ကိုတင်ဝင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ဒီနေ့မနက် ခွဲစိပ်ကုသမယ်လို့သိရပါတယ်။
လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ရိုက်နှက်ဖမ်းဆီးတဲ့ဒဏ်ကြောင့် အကြောတွေ ထိခိုက်ထားတဲ့အတွက် ခွဲစိပ်ရမှာဖြစ်တယ်လို့ ကိုတင်ဝင်းရဲ့ညီ ကိုနေဇော်လင်းက RFA ကို ပြောပါတယ်။
"ဦးနှောက်နဲ့ အာရုံကြောကို ပြောင်းလိုက်တယ်၊ သူတို့အဖြေထွက်လာတာက ဇက်ပိုးမှာအကြောတွေက ထုံးနေတာ နံကြားအောက်က အကြောတွေက ညှပ်နေတာတွေတွေ့ရတယ်၊ အဲ့ဒါကြောင့် ခွဲမယ်ဆိုပြီးတော့ ဆရာဝန်ကြီးက ကျနော့်ကိုခေါ်ပြောတယ်၊ သူအရိုက်ခံထားရတာတဲ့ စစ်ဖိနပ်တွေနဲ့ နံကြားကိုကန်တာတို့ နံပါတ်တုတ်တွေနဲ့ ဇက်ပိုးတွေကိုရိုက်ပြီး ကားပေါ်တင်တာတွေ ကားပေါ်ကဆွဲချတာတွေ သူအကုန် လုံးပြောပြမှ ကျနော်လည်း အဲ့အကြောင်းတွေသိရတယ်"
ကိုတင်ဝင်းဟာ အသက် ၄၁ နှစ်အရွယ်ရှိနေပြီး ကလေး ၅ ယောက်ဖခင်ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေး အတွက် ကျောင်းသားတွေက သပိတ်မှောက်တောင်းဆိုချီတက်တဲ့အခါ ပြည်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ရာကနေ အစိုးရက သပိတ်မှောက်ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးချိန်မှာ ကိုတင်ဝင်းလည်း ရိုက်နှက်ဖမ်းဆီးခံပြီး သာယာဝတီထောင်မှာ အပို့ခံထားရတာဖြစ်ပါတယ်။
သူဟာ အတွင်းဒဏ်တွေကြောင့် ထောင်ထဲမှာ မကြာခဏမူးဝေနာကျင်နေသလို၊ ဇွန်လ ၂ ရက်နေ့က ရုံးထုတ်ချိန်မှာတော့ သာယာဝတီခရိုင်တရားရုံးမှာ သတိလစ်မေ့လဲသွားတဲ့အတွက် သာယာဝတီဆေးရုံကို တင်လိုက်ရပြီး၊ အဲဒီ့ကနေတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းလိုက်တာဖြစ်ပါတယ်။
အဲဒီဇွန်လ ၂ ရက်နေ့က တရားရုံးမှာ အစိုးရတရားလိုအဖြစ် တာဝန်ယူနေရတဲ့ ရဲမှူးဖုန်းမြင့်က ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ရိုက်တာမဟုတ်ဘဲ တုတ်တွေနဲ့ ရွယ်ရုံရွယ်ခဲ့တာလို့ ထွက်ဆိုတဲ့အကြောင်းသိရပါတယ်။
ကိုတင်ဝင်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ သူ့ရဲ့ညီ ကိုနေဇော်လင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။