ကျောင်းသားသပိတ်ဝန်းရံသူ ကိုတင်ဝင်း ဒဏ်ရာခွဲစိတ် မှုအောင်မြင်
2015.06.06

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲရာမှာ ရိုက်နှက်ခံရတဲ့ဒဏ်ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှာရောက်နေတဲ့ သပိတ်ဝန်းရံသူ ကိုတင်ဝင်းကို မနေ့ကမနက်ပိုင်းက ခွဲစိပ်ကုသတဲ့ အခါ အောင်မြင်သွားတယ်လို့ သိရပါတယ်။
ပုံသဏ္ဍာန်ပျက်ယွင်းသွားတဲ့ အကြောတွေပုံမှန်ဖြစ်အောင်ခွဲစိပ်ကုသလိုက်ရတဲ့ အကြောင်း ကိုတင်ဝင်းရဲ့ညီဖြစ်သူ ကိုနေဇော်လင်းက RFA ကိုပြောပါတယ်။
"လည်ပင်းကိုခွဲစိပ်ပြီးတော့ တင်ပါးဆုံပေါင်နားက အရိုးကိုနည်းနည်းခြစ်ပြီးတော့ လည်ပင်းထဲကို ထည့်ရတယ်၊ အကြောတွေညပ်နေတာကိုး ကျောနဲ့ ရင်ဘတ်ကတော့ နည်းနည်းအောင့်နေတယ်၊ အကြောအမျှင်လေးတွေ ဟနေတာကိုး၊ ဟနေတဲ့နေရာကို ပြန်ပြီးတော့ချိတ်တာလေ၊ ဆရာဝန်ကြီး ၁၄ ယောက်ကတော့ အားရ တယ်ပေါ့၊ အားရတယ်ဆိုတာ သူတို့ခွဲစိပ်တာအောင်မြင်တယ်၊ အောင်မြင်တော့ သူတို့လည်း ဝမ်းသာတယ်၊ အဲ့လိုပြောတယ်"
သာယာဝတီထောင်မှာကျန်ခဲ့တဲ့ ကျောင်းသားတွေအတွက် စိုးရိမ်တဲ့အကြောင်းနဲ့ ဘယ်တော့မှအရံှုးပေးမှာမဟုတ် ဘူးဆိုတဲ့အကြောင်း ကိုတင်ဝင်းက ဆေးရုံ ကုတင်ပေါ်ကနေအခုလို ပြောပါတယ်။
"ကျနော့်ညီတွေ၊ ညီမတွေအတွက် ကျနော်အရမ်းစိုးရိမ်တယ်၊ ကျနော်သူတို့အတွက်ကို ကြိုးစားပြီးတော့ တိုက်ပွဲဝင်သွားမှာပါ၊ ကျနော်ကျန်းမာရေးကောင်းအောင် ကြိုးစား နေတယ်၊ ကျန်းမာရေးကောင်းတာနဲ့ ကျနော်တိုက်ပွဲဝင်သွားမှာပါ၊ ကျနော်ဘယ်တော့မှ အရှုံးမပေးပါဘူး"
ကိုတင်ဝင်းဟာ ကလေး ၅ ယောက်ဖခင် လက်လုပ်လက်စားသာမန်ပြည်သူ တစ်ယောက်ဖြစ်ပြီး၊ ကျောင်းသားတွေ ရဲ့ ဒီမိုကရေစီပညာရေးတောင်းဆို တာဟာ ဖြစ်သင့်တယ်လို့ ယုံကြည်တဲ့အတွက် ပင်မသပိတ်စစ်ကြောင်းမှာ လိုက်လံဝန်းရံခဲ့တာလို့ ဆိုပါတယ်။
ကိုတင်ဝင်းကို ခွဲစိပ်ကုသပြီးစီးခဲ့ဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ့ရဲ့ညီ ကိုနေဇော်လင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။