အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ အခြေအနေဟာ တိုးတက်မှုရှိတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆေးကုဌာနက ဒေါက်တာ ဒေါ်ဝင်းမင်းသစ် ကပြောပါတယ်။
ဦးတင်ဦး ဆေးကုသမှုခံယူပြီး ၂ ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ တိုးတက်ကောင်းမွန်းလာတယ် လို့ ဒေါ်ဝင်းမင်းသစ် က သတင်းမီဒီယာတွေကို ပြောတာဖြစ်ပါတယ်။
"၃၆ နာရီအတွင်းမှာတော့ မနေ့က မလှုပ်ရှားနိုင်တဲ့ မကောင်းတဲ့ဘယ်ဘက်ကလည်း အခုလှုပ်ရှားနိုင်ပါပြီ၊ မနေ့က ကျမတို့ မေးတာကို သူမဖြေနိုင်ပေမယ့်လည်း ဒီနေ့ စကားတော့ ပြောလို့မရသေးဘူးပေါ့၊ ကျမတို့က လက်မြှောက်ပြပါဆိုရင် သူမြှောက်ပြလာနိုင်ပြီပေါ့"
ဆရာဝန် ၁၅ဦး နဲ့ ကုသရေးဆိုင်ရာကော်မတီ ဖွဲ့စည်းပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေတာဖြစ်ပါတယ်။ ဦးတင်ဦးဟာ မနေ့ မနက်ပိုင်း ရန်ကုန်မြို့က သူရဲ့နေအိမ် ရေချိုးခန်းအတွင်းမှာ ချော်လဲပြီး ဦးခေါင်းထိခိုက် မိတာဖြစ်ပါတယ်။
သူ့ရဲ့ ကျန်းမာရေးပြန်လည် ကောင်းမွန်လာဖို့အတွက် မနေ့ကလည်း ရွှေတိဂုံစေတီတော်ရဲ့ စနေထောင့်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် NLD ပါတီဝင်တွေ ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ က ဆုတောင်းမေတ္တာ ပို့ခဲ့ကြပါတယ်။