မဲစာရင်း အမှားအယွင်းတွေ ပြင် ဆင်နိုင်သေးကြောင်း ဦးတင်အေးပြော


2015.08.31
tinaye-620.jpg ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကို သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ် မှာတွေ့ရစဉ်
Photo: RFA

မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမယ့်စက်တင်ဘာလလယ်လောက်မှာ ထုတ်ပြန်ပေးမှာဖြစ်ပြီး မဲစာရင်းထဲမှာ မှားယွင်းနေတာတွေရှိနေမယ်ဆိုရင်လည်း ပြင်ဆင်လို့ရသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာမယ့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ RFA ရဲ့ မေးမြန်းချက်ကို ဦးတင်အေးက ဖြေကြားခဲ့တာပါ။

"အဲ့မှာကပ်ပေးမယ်၊ လာကြည့်ပါ၊ မပါရင်ဖြည့်ပါ၊ ပုံစံ ၃ နဲ့ မှားရင်ပြင်ပါ၊ ပါသင့်တာ မပါရင် ပုံစံ ၄ နဲ့ ကန့်ကွက်ပါ"

မဲဆန္ဒရှင်တွေရဲ့စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွ့ဲခွဲရုံးတွေမှာ ၁၄ ရက် (၂ပတ်) ကြာ ကပ်ထားမှာဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ နံမည်မပါရင် ပုံစံ(၃) နဲ့ ဖြည့်ဖို့ ၊ နံမည်နဲ့ မှတ်ပုံတင်နံပါတ်တွေ မှားယွင်းနေရင် ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်ဖို့ ၊ သေဆုံးသူနာမည်တွေပါနေရင် ပုံစံ ၄ တို့နဲ့ ပယ်ဖျက်နိုင်သေးကြောင်း ပြောပါတယ်။ ဒီတစ်ကြိမ်မဲစာရင်းဟာ အတည်ဖြစ်မှာဖြစ်တဲ့အတွက် မဲစာရင်းကို မဖြစ်မနေ ကြည့်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရေဘေးသင့်ဒေသက မဲဆန္ဒရှင်တွေကိုတော့ မဲစာရင်းကြည့်နိုင်ဖို့အတွက် ၂ပတ်ထက်ကျော်ပြီး လုံလောက်တဲ့အချိန်ပေးထားမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။