တီကျစ်စက်ရုံက ကျောက်မီးသွေးပြာတွေကြောင့် ရေထုနဲ့လေထုညစ်ညမ်း


2018.09.06
tikyit-622 ရှမ်းပြည်နယ် ပင်လောင်းမြို့ နောင်တရားမြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ နောင်တရားမြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကနေ စွန့်ပစ်တဲ့ ကျောက်မီးသွေးပြာတွေကြောင့် ဒေသခံလူထုအတွက် ကျန်းမာရေးအန္တရာယ် ကျရောက်နေတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့တွေက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ ကျောက်မီးသွေး ခြိမ်းခြောက်မှုအန္တရာယ် ( သို့မဟုတ်) အဆိပ်သင့် တီကျစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားတာဖြစ်ပါတယ်။

ကျောက်မီးသွေးပြာတွေကြောင့် ဒေသအတွင်းမှာ ရေထုနဲ့ လေထုညစ်ညမ်းမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စံသတ်မှတ်ချက်တွေထက် ကျော်လွန်နေတယ်လို့ အဲဒီဒေသက ရေနဲ့ မြေတွေရဲ့ ညစ်ညမ်းမှု အခြေအနေတွေကို တိုင်းတာခဲ့တဲ့ Myanmar Alliance for Transparency and Accountability (MATA)  အဖွဲ့က ဦးအောင်ကျော်မိုး က ပြောပါတယ်။

"တီကျစ်မှာ ရေထုနဲ့ လေရဲ့ အခြေအနေက တော်တော်ဆိုးဆိုးဝါးဝါး တွေ့ရပါတယ်ခင်ဗျ။ လေထုက ၃ နေရာ တိုင်းခဲ့ပါတယ်။ ၂၄ နာရီလုံးလုံး ၃ နေရာကို တိုင်းခဲ့ပါတယ်ခင်ဗျ။ တရုတ်နိုင်ငံက ပေကျင်းရဲ့ လေထုညစ်ညမ်း မှုထက် ပိုပြီးကို မြင့်တက်နေတဲ့ကိစ္စကို တွေ့ရပါတယ်ခင်ဗျ။ ရေကတော့ ၁၃ နေရာကို ကောက်ယူခဲ့ပြီးတဲ့ အချိန်မှာ ၁၂ နေရာဟာ ရေညစ်ညမ်းမှုမှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ သတ္တုတွေပါဝင်မှုနှုန်းဟာ တော်တော်မြင့်နေတာကို တွေ့ရပါတယ်ခင်ဗျ။ အဓိကက WHO သတ်မှတ်ချက်နဲ့ဆိုရင် အာဆင်းနစ်ဆိုရင် ၅ ဆ ကနေ ၂၇ ဆ အထိ မြင့်တက်နေတာတွေ့ရတယ်။ ခဲဆိုရင်လည်း သုံးဆ ကျော်ကျော် မြင့်တက်နေတာကို တွေ့ရပါတယ်။"

တီကျစ်ကျောက်မီးသွေးစက်ရုံကို ဗဟိုပြုပြီး စက်ရုံအနီးနားက နေရာ ၃ ခုကို တိုင်းတာခဲ့ပြီး ရေထုကိုတော့ အများသုံးသောက်ရေကန်တွေ၊ စိမ့်စမ်းရေတွေ၊ စိုက်ပျိုးရေးသုံးရေတွေရှိတဲ့ နေရာ ၁၃ ခုမှာ ၂၀၁၈ ခုနှစ် မတ်လက တိုင်းတာခဲ့တာလို့ ပြောပါတယ်။

အဲဒီတွေ့ရှိချက်တွေကို သြဂုတ် ၅ ရက်နေ့က တောင်ကြီးမြို့မှာ လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တွေကို တင်ပြဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အစိုးရအဖွဲ့က မတက်ရောက်ခဲ့ဘူးလို့လည်း သိရပါတယ်။

ဒါကြောင့် တွေ့ရှိချက်တွေကို ပြည်ထောင်စု အစိုးရထံကို တင်ပြသွားမယ်လို့လည်း ဦးအောင်ကျော်မိုးက ပြောပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံကို ၂၀၀၅ ခုနှစ်မှာ စတင်လည်ပတ်တာဖြစ်ပြီး အကြီးစားပြင်ဆင်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက် အစီရင်ခံစာ မပြီးသေးဘဲ  ပြန်လည်စမ်းသပ်ပြီး လည်ပတ်ခဲ့တာကြောင့် ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။