လက်နက်ကြီးကြောင့် ထီးချိုင့်မြို့နယ် ထန်းကုန်းရွာမှာ ဒေသခံတစ်ဦးသေဆုံး
2023.01.10

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ထန်းကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကို ဇန်နဝါရီလ ၉ ရက်မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် ဦးကျော်ခင် သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အလယ်တောရွာနဲ့ ထန်းကုန်းရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့် ထန်းကုန်းရွာက ဒေသခံ တွေဟာ ရွာဘုန်းကြီးကျောင်းမှာ သွားရောက်တိမ်းရှောင်ခဲ့ကြတာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က ဘုန်းကြီး ကျောင်းဝန်းထဲ နေပူစာလှုံနေတဲ့ အရပ်သားတွေကြားကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က မနက်၁၀ နာရီလောက်မှာ ထန်းကုန်းရွာဘုန်းကြီးကျောင်းထဲ လက်နက်ကြီးက တည့်တည့်ကျတာ။ စစ်ဘေးရှောင်တွေ ဘုန်းကြီးကျောင်းထဲက ကွင်းပြင်မှာ နေပူစာလှုံ နေတဲ့ နေရာကိုကျသွားတော့ အဲဒီမှာ အသက် ၇၀ အရွယ် ဦးကျော်ခင် ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန် ၁၁ ယောက်လောက်တော့ ဒဏ်ရာရသွားတယ်”
ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ RFA က အတည်မပြု နိုင်သေးပါဘူး။
ဒီ့အပြင် ထန်းကုန်းရွာအနီးက အလယ်တောရွာကိုလည်း မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလယ်တောရွာကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၈၆ လုံးနဲ့ လယ်ယာသုံးပစ္စည်းတွေအပြင် စပါးတင်းတစ်ထောင် ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံ တပ်တွေက ထီးချိုင့်မြို့နယ်အတွင်း နယ်မြေ ရှင်းလင်းရေး လုပ်နေတာလို့ ဒေသခံတွေကပြောပေမယ့် RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။