ထီးချိုင့်မှာ ရွာသုံးရွာ ဆက်တိုက်မီးရှို့ခံရပြီး ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက မီးလောင်ကျွမ်းနေသည့် အင်ကြင်းကုန်းရွာကို တွေ့ရစဉ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက မီးလောင်ကျွမ်းနေသည့် အင်ကြင်းကုန်းရွာကို တွေ့ရစဉ်။ (ထီးချိုင့်တော်လှန်ရေး /Tigyaing Revolution-TR)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အင်ကြင်းကုန်းရွာနဲ့ အလယ်တောရွာကို နိုဝင်ဘာလ ၂၈ ရက် ဒီနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာ ကြောင့် အနီးအနားရွာတွေက ဒေသခံ ငါးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ရက်မနေ့က ဆူးပုတ်ချောင်ရွာကို ဝင်ရောက်မီးရှို့ခံခဲ့တဲ့ စစ်ကြောင်းကပဲ အခုလို ဆက်လက် မီးရှို့နေတာဖြစ်ပြီး လက်ရှိမှာတော့ မီးရှို့ခံရတဲ့ ရွာသုံးရွာအပါအဝင် ထီးချိုင့်ကားလမ်းဘေးမှာရှိတဲ့ ရွာတချို့က ဒေသခံ ငါးထောင်ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၉ နာရီ ဝန်းကျင်မှာ အင်ကြင်းကုန်းရွာ၊ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ အလယ်တောရွာကို ဝင်ရောက် မီးရှို့နေတာလို့ ထီးချိုင့်တော်လှန်ရေးအဖွဲ့ (Tigyaing Revolution-TR) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"အခုထိ သတင်းအတိအကျ မသိရသေးပါဘူး။ (အခုက) တိုက်ပွဲဖြစ်တာရော ပါ ပါတယ်။ (နေ့လယ်အထိ) ရှို့နေဆဲပါ။ ကားလမ်းဘေးက ရွာတွေအားလုံး စစ်ရှောင်နေရပါတယ်။ စစ်ဘေးရှောင် ငါးထောင်ဝန်းကျင်လောက် ရှိပါတယ်"

ဒီနေ့ မီးရှို့ခံရတဲ့ အင်ကြင်းကုန်းရွာနဲ့ အလယ်တောရွာရဲ့ မီးလောင်ပျက်စီးမှု အခြေအနေကို မသိရသေးပေမယ့် မနေ့က မီးရှို့ခံရတဲ့ ဆူးပုတ်ချောင်ရွာမှာတော့ အိမ်ခြေ ၆၃ လုံးရှိတဲ့ အနက် ၄၃ လုံးခန့် ဆုံးရှုံးပြီး ဆိုင်ကယ်အစီး ၃၀၊ လယ်ထွန်စက် ၁၀ စီး၊ ခြွေလှေ့စက် တစ်စီး အပါအဝင် စပါးတွေပါ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အလယ်တောရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး ဒီနေ့မှာလည်း ဆက်ဖြစ်နေတယ်လို့ ထီးချိုင့် ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရုရှားနိုင်ငံထုတ် YAK-130 ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခဲ့ပြီး ဒီနေ့နေ့လယ် ၁၂ နာရီကလည်း အလယ်တောရွာနဲ့ အင်ကြင်းကုန်းရွာဘက်ကို ဗုံးလေးလုံး ကြဲခဲ့တယ်လို့ ထီးချိုင့်တော်လှန်ရေး အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကစလို့ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ကသာမြို့နယ် ဘက်ကနေ ထီးချိုင့်ဘက်ကို ဝင်ရောက်လာတာဖြစ်ပြီး ဘယ်တပ်တွေလဲဆိုတာတော့ သေချာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေး သလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကလည်း လုံခြုံရေးကိစ္စတွေ ဖြစ်လို့ ပြောခွင့်မရှိဘူးလို့ RFA ကို ဖြေဆိုဖူးပါတယ်။