အခြေခံဥပဒေ ပြင်သင့်ကြောင်း လွှတ်တော်ကော်မ တီခေါင်းဆောင် ပြောကြား
2014.05.28

တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း ပြည်သူ့ လွှတ်တော် “တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာ - အသနားခံစာများ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေ နဲ့ တွေ့ဆုံချိန်မှာ သူရဦးအောင်ကိုက အခုလို ပြောခဲ့တာပါ။
"ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် အခု ငြိမ်းချမ်းရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလုပ်နေတဲ့ ပထမအဆင့် အပစ်အခတ် ရပ်စဲရေး၊ ဒုတိယအဆင့် ထာဝရငြိမ်းချမ်းရေး အဆင့်နှစ်ဆင့်ရှိပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် အနေအထားကတော့ အခု အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်မှုရနေပါပြီ၊ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရမှာဖြစ်ပါတယ်၊ အထူးသဖြင့် တိုင်းရင်းသားတွေက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သူတို့တည်ထောင်လိုကြတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရ မှာဖြစ်တယ်"
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူတွေသာမက တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံတကာ က တောင်းဆိုနေကြတာတွေရှိကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေ မပေါ်ပေါက်စေဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လိုအပ်ကြောင်းလည်း သူရဦးအောင်ကိုက ပြောဆို လိုက်ပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ပြန်လည်စတင်ကျင်းပတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
တချိန်တည်းမှာပဲ အစိုးရက ထုတ်ပြန်လိုက်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဘာသာရေးခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို မသင်းသီရိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။