ရွေးကောက်ပွဲနဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ ပူးတွဲကျင်းပဖို့ သူရ ဦးရွှေမန်း တိုက်တွန်း


2015.07.01
ushwemann-parliament-620.jpg ပြည်ထောင်စု လွှတ်တော် နာယကသူရဦးရွှေမန်းကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (ဃ)ကို အတည်ပြုဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပရမှာဖြစ်ပြီး အဲဒီဆန္ဒခံယူပွဲကို ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ ပူးတွဲကျင်းပပေးဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြားသွားမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်းက ဒီနေ့ ပြောပါတယ်။

ပုဒ်မ ၅၉(ဃ) တစ်ခုတည်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေ အကုန်အကျ များမှာဖြစ်ပြီး အချိန်ကုန်မှာဖြစ်တဲ့ အတွက် ရွေးကောက်ပွဲနဲ့အတူ ပူးတွဲကျင်းပပေးဖို့ အကြောင်းကြားမှာဖြစ်တယ် လို့ ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက ပြောပါတယ်။

"ပုဒ်မ ၅၉(ဃ) ကို ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရာမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ သီးခြားလုပ်မယ် ဆိုရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ အားလုံးထပ်မံ လိုအပ်ပါတယ်၊ ဒီကိစ္စကို ယခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ဆန်းမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပူးတွဲ ပြီး ဆောင်ရွက်ရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ ကုန်ကျမှုတွေကို လျှော့ချနိုင်တဲ့အပြင် ဥပဒေအရ အကျိုး သက်ရောက်မှုကိုလည်း ထိခိုက်တဲ့ အခြေအနေ မရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်"

အရင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(ဃ) မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ စစ်ရေးအမြင်ရှိရ မယ်လို့ ပြဌာန်းထားတာကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ကာကွယ်ရေးအမြင်ဆိုတဲ့ စကားလုံးအဖြစ် ပြင်ဆင် ဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြုတဲ့အပြင် လူထုဆန္ဒခံယူပွဲကျင်းပရမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် က ထောက်ခံမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဒီအတောအတွင်း၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအပေါ် မြန်မာပြည်သူလူထု အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလောက် စိတ်ဝင်စားမှု မရှိသလို တက်အားတက်ကြွမှုတွေလည်း သိပ်မတွေ့ရဘူး လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။