ပါတီနိုင်ငံရေး ဆက်မလုပ်တော့ဘူးလို့ သူရဦးရွှေမန်းပြော

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌအဖြစ် မြင်တွေ့ရသည့် သူရဦးရွှေမန်း
၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌအဖြစ် မြင်တွေ့ရသည့် သူရဦးရွှေမန်း (Photo : Reuters)

ပါတီနိုင်ငံရေး ဆက်လုပ်ချင်တဲ့ဆန္ဒ မရှိတော့တာကြောင့် သူဦးဆောင် တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ဖျက်သိမ်းတော့မယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

UBP ပါတီ ဖျက်သိမ်းရခြင်းနဲ့ ပတ်သက်လို့ ဦးရွှေမန်းက အသိပေးချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သူရဦးရွှေမန်းဟာ စစ်တပ်မှာ အနှစ်လေးဆယ်နီးပါး စစ်မှုထမ်းခဲ့ပြီး ယခင် န.အ.ဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးပြီးရင် တတိယအဆင့် သြဇာအာဏာရှိသူလို့ သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

2015-11-19T120000Z_317156323_GF20000065472_RTRMADP_3_MYANMAR-ELECTION.JPG
Shwe Mann, speaker of Myanmar's Union Parliament, greets NLD leader Aung San Suu Kyi before their meeting at the Lower House of Parliament in Naypyitaw Shwe Mann (L), speaker of Myanmar's Union Parliament, greets National League for Democracy (NLD) leader Aung San Suu Kyi before their meeting at the Lower House of Parliament in Naypyitaw November 19, 2015. REUTERS/Soe Zeya Tun (Soe Zeya Tun/REUTERS)

စစ်တပ်ကနေ အငြိမ်းစားယူပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသလို သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖြစ်လာချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် အများက ရှုမြင်ခဲ့ကြပါတယ်။

အဲဒီနောက် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲဝင်ရောက်ဖို့ ကိုယ်ပိုင်ပါတီ ထူထောင်ခဲ့သူပါ။

ပါတီဦးဆောင်သူတွေဟာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေး ချို့တဲ့သူတွေ ရှိလာတာကြောင့် ပါတီကို ဖျက်သိမ်းတာလို့လည်း ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ ဦးရွှေမန်းဟာ နိုင်ငံရေးမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။

UBP ပါတီမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတစ်ဦးက UBP ပါတီဖျက်သိမ်းပြီးနောက် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းဖို့လည်းမရှိဘူးလို့ RFA ကိုပြောပါတယ်။