တရားမဲ့ပြောဆိုနေတဲ့ ရဟန်းတွေကို မှတ်တမ်းတင်ထားတယ်လို့ ဝန်ကြီး ပြော
2018.02.26

အင်တာနက် လူမှုကွန်ရက်မှာသာမက နှုတ်နဲ့ တရားမဲ့ပြောဆိုတိုက်တွန်းနေတဲ့ ရဟန်းသာမဏေတွေကို မှတ်တမ်းတင်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ယာယီရပ်နားချိန်မှာ သတင်းထောက်တွေကို ဝန်ကြီး သူရဦးအောင်ကို က ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဝန်ကြီးဌာနအနေနဲ့ အွန်လိုင်းကရော On Paper ရော နှုတ်နဲ့ရော တရားမဲ့ပြောဆိုမှုတွေ တိုက်တွန်းမှုတွေ နှိုးဆော်မှုတွေနဲ့ ပတ်သက်လို့ရှိရင် မှတ်တမ်းတင်ပါတယ်၊ အဲဒီရဟန်း သာမဏေတွေကို ကွပ်ကဲအုပ်ချုပ်တဲ့ အဖွဲ့အစည်းကို စာနဲ့လျှောက်တင်ပါတယ်၊ ဒါသည် အဓမ္မဝါဒဖြစ်နေတယ်၊ ဒါတွေကို ဆရာတော်တို့ အဖွဲ့ အစည်းအနေနဲ့ ထိန်းကျောင်းဆုံးမ သွန်သင်ပေးဖို့အတွက် လျှောက်ထားပါတယ်၊ ဒါတွေက မှတ်တမ်းရှိနေ ပါတယ်"
ဝိနည်းနဲ့ မညီဘဲ အဓမ္မဝါဒကို အားပေးတဲ့ သဘောသက်ရောက်နေတဲ့ သံဃာအချို့ကို အရေးယူဖို့ လုပ်ဆောင်ရာမှာ ပါဝင်ဖို့ ပျက်ကွက်သူတွေဟာလည်း နောင်တတွေနဲ့ ကြုံတွေ့ရပြီး သမိုင်းတရားခံဖြစ်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရ၊ ပြည်သူ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပါဝင်တဲ့ ညီညွတ်မှုတရပ်တည်ဆောက်ဖို့ လိုတယ်လို့လည်း သူရဦးအောင်ကိုက ပြောပါတယ်။