နန်းမားမြို့က လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

2022.10.02
နန်းမားမြို့က လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည့် ကိုမျိုးဆွေဦးနှင့် ကိုကောင်းကင်ကြီးတို့အား တွေ့ရစဉ်။
Photo: Citizen Journalist

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့က လူငယ်သုံးဦးကို အောက်တိုဘာလ ၁ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကိုမား၊ ကိုကောင်းကင်ကြီးနဲ့ ကိုမျိုးဆွေဦးတို့ဖြစ်ပြီး သူတို့သုံးဦး စလုံး အသက် ၂၀ ကနေ ၃၀ ကြား အရွယ်တွေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ နန်းမား ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာလို့ သူက ပြောပါတယ်။

ဒီလိုမဖမ်းဆီးခင် စက်တင်ဘာလ ၂၈ ရက်မှာ ကိုကောင်းကင်ကြီးရဲ့ဖခင် ဦးသန်းစိုးရဲ့ နေအိမ်နဲ့ ကုန်စုံဆိုင်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန်းမားမြို့က စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူနှစ်ဦးကို စက်တင်ဘာလ ၂၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ဒီလူငယ် သုံးဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာပါ။

ဒေသခံတွေကတော့ ဖမ်းဆီးခံရသူတွေဟာ PDF တွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြောပါတယ်။

စစ်ကောင်စီကတော့ လူငယ်သုံးဦးကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၃၀ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အရပ်သား ၁၂,၅၄၈ ဦးကို ဖမ်းဆီးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။