ဂန့်ဂေါမြို့နယ်မှာ အမျိုးသမီး သုံးဦး ဖမ်းဆီးခံရ

2022.02.14
ဂန့်ဂေါမြို့နယ်မှာ အမျိုးသမီး သုံးဦး ဖမ်းဆီးခံရ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၀၂၁ ဇွန် ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရှုးရှီရွာက အမျိုးသမီး သုံးဦးဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ မဇင်မာငြိမ်း၊ မမိုမိုလှိုင်နဲ့ မဆွေဆွေလင်းတို့ဟာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါ နယ်ခံတစ်ဦးက ပြောပါတယ်။

"မနေ့က သုံးယောက် ဆွဲသွားတာ။ နာမည်စာရင်း အတိအကျနဲ့ လာတာ။ သူတို့တွေကို မေးစရာရှိတယ် ခဏခေါ်သွားဦးမယ်ဆိုပြီး ခေါ်သွားတာတဲ့"

ကနဦး အမျိုးသမီး လေးဦး ခေါ်ဆောင်ခံရပြီးနောက် အဲဒီအထဲက တစ်ဦးဟာ လမ်းအထူး အဖွဲ့ (၁၂) က ရုံးအုပ်ဝန်ထမ်းဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်ပြီး ကျန်သုံးဦးကို ဂန့်ဂေါမြို့မ ရဲစခန်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသမီး သုံးဦးဟာ ကျူရှင်ပြနေသူတွေဖြစ်ကြပြီး ကမ္ဘောဇဘဏ်က တဆင့် ရာခိုင်နှုန်းနဲ့ ငွေသွင်းငွေထုတ် လုပ်နေရာကနေ PDF တွေကို ငွေကြေးထောက်ပံ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန် ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။