နားလော့ရွာမှာ RCSS နဲ့ SSPP တိုက်ပွဲဖြစ်ပြီး ဒေသခံ ၃ ဦးသေဆုံး
2018.11.23

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ့်လန်လမ်းပိုင်း စယ်ခံကျေးရွာအုပ်စု နားလော့ရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေ ဒီနေ့မနက်က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် လေးတန်းကျောင်းသား ကလေးငယ် ၁ ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပါတယ်။
SSPP တပ်တွေရွာထဲရှိနေချိန်မှာ RCSS တပ်ဖွဲ့တွေ ရွာထဲရောက်လာပြီး ပစ်ခတ်တာလို့ ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၃၀ အရွယ် အိုက်ကူ၊ ၄ တန်း ကျောင်းသား အိုက်စိုင်းနဲ့ အသက် ၃၀ အရွယ် စိုင်းနောင့်တို့ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက်နှစ်ဆယ်အရွယ် အေးမွန်းနဲ့ မော်စွမ်လို့ ခေါ်တဲ့ ရှမ်းဆရာမ နန်းထွေးခမ်းတို့ဖြစ်တယ်လို့ စယ်ခံအုပ်စု အုပ်ချုပ်ရေးမှူး ဦးစံစောက RFA ကို ပြောပါတယ်။
၄ တန်း ကျောင်းသား အိုက်စိုင်းကတော့ ဆေးရုံပို့ချိန်လမ်းမှာပဲ သေဆုံးသွားတာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာ SSPP တပ်တွေ နားလော့ရွာထဲမှာ ရှိမနေဘဲ ရွာရဲ့အပြင်ဘက် တောထဲမှာသာရှိနေကြောင်းနဲ့ ရွာသားတွေ သေဆုံးခဲ့တာကြောင့် RCSS အဖွဲ့ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ SSPP အဖွဲ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာက သတင်းထုတ်ပြန်ပါတယ်။
ဒဏ်ရာရထားသူတွေထဲက အမျိုးသား ၁ ဦးနဲ့ကလေးငယ်တစ်ဦးတော့ သီပေါဆေးရုံကို ပထမဦးဆုံး ရောက်လာပြီး အမျိုးသမီး ၂ ဦးထဲက ၁ ဦးကိုတော့ မိုင်းခဲဆေးရုံကိုပို့ ဆောင်ထားရာကနေ နေ့လယ်မှာ လားရှိုးဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်လို့ သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးက RFA ကို ပြောပါတယ်။
နားလော့ရွာမှာ အခုလ ၁၃ ရက်နေ့ကလည်း SSPP နဲ့ RCSS တပ်တွေတိုက်ပွဲကြောင့် ဒေသခံတွေဟာ နားမခေါ်ရွာဘက်က ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပစ်ခတ်မှုဖြစ်တာ မှန်ကန်ကြောင်း RCSS က စတင်ပစ်ခတ်တယ် ဆိုတာတော့ မဟုတ်ကြောင်း RFA ကို ပြောပါတယ်။
ဒီလိုမကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဟာ နယ်မြေပြသနာကြောင့်လားလို့RFA က ဒုတိယဗိုလ်မှူးကြီး စိုင်းဦးကို မေးမြန်းတာမှာတော့ ဖြစ်နိုင်ကြောင်းနဲ့ တစ်ခါတစ်ရံမှာ SSPP တပ်က လာရောက်ချောင်းမြောင်း ပစ်ခတ်လေ့ ရှိကြောင်း ပြောပါတယ်။
ဒီမနက်ဖြစ်ပွားတဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး SSPP ကိုဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။