ဆိုလာပြားပျောက်ဆုံးမှု တရားခံမပေါ်လို့ ရွာသား ၃ ဦးကို ထိန်းသိမ်းထား
2018.10.28
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘန်းချောင်းဒေသမှာ ကျောက်မီးသွေးတူးဖော်နေတဲ့ East Star ကုမ္ပဏီက ဆိုလာပြားတွေ ပျောက်တဲ့ကိစ္စမှာ တရားခံမပေါ်လို့ဆိုပြီး ဒေသခံရွာသား ၃ ဦးကို အမှတ် ၄၀၅ တပ်ရင်းက ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာ အဲဒီကုမ္ပဏီက ဘတ်ငွေ ၉ ထောင်တန် ဆိုလာပြား ၇ ပြား ပျောက်တာကို ကုမ္ပဏီရဲ့ လုံခြုံရေးတွေက ရွာသားတွေကို ခေါ်ယူစစ်ဆေးပေးဖို့ အမှတ် ၄၀၅ တပ်ရင်းကို သွားရောက်တိုင်ကြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၄၀၅ တပ်ရင်းက ကုမ္ပဏီအနီးမှာရှိတဲ့ ကျောက်ထုကျေးရွာနဲ့ ကွမ်းချောင်းကြီး ကျေးရွာက ဒေသခံတွေကို ၅ ကြိမ်လောက် ခေါ်ယူစစ်ဆေးခဲ့ပေမယ့် တရားခံပေါ်ပေါက်မှု မရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ပျောက်ဆုံးသွားတဲ့ ဆိုလာပြားတွေအတွက် တန်ကြေးကို ရွာသားတွေက စိုက်လျော်ပေးဖို့ အမှတ် ၄၀၅ တပ်ရင်းက ပြောပေမယ့် ရွာသားတွေက လက်မခံဘဲ ငြင်းဆိုလို့ ဒေသခံ ရွာသား ၃ ယောက်ကို မနေ့က ခေါ်ယူ ထိန်းသိမ်းထားတယ်လို့ ကွမ်းချောင်းကြီးဒေသခံ နော်သဘလေးဝါးက ပြောပါတယ်။
လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ East Star ကုမ္ပဏီမန်နေဂျာနဲ့ တွေ့ခွင့်ရဖို့ ဒေသခံတွေက တောင်းဆိုထား ပါတယ်။ တကယ်လို့ ကုမ္ပဏီဘက်က အမှုဖွင့်မယ်ဆိုရင် လက်ရှိထိန်းသိမ်းထားတဲ့ ဒေသခံ ၃ ယောက်ကို ရဲစခန်းကို လွှဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။