ဒု သမ္မတလောင်း ၃ ဦး အမည်စာရင်း သတ်မှတ်ရက်ထက် တစ်ပတ်စောနိုင်


2016.02.29
new-parliament-pyitaungsu-620.jpg ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ဖို့အတွက် ဒုတိယသမ္မတလောင်း ၃ ဦးအမည်စာရင်း တင်သွင်းနိုင်ရေး ဆွေးနွေးမယ့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေးတွေ ကျင်းပမယ့်ရက်ကို ပြင်ဆင်သတ်မှတ်မယ်လို့ သိရပါတယ်။

လာမယ့် မတ်လ ၁၇ ရက်နေ့မှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေးတွေ စတင်ကျင်းပဖို့ ကြေညာထားရာကနေ ပြင်ဆင်မှာဖြစ်ပြီး ၁၇ ရက်ထက် ရှေ့တစ်ပတ် စောသွားနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

"မနက်ဖြန်ကျရင် ပြည်ထောင်စုလွှတ်တော်မှာ အစုအဖွဲ့ဖွဲ့ဖို့ ရက်ကိုသတ်မှတ်ပေးမယ် အန်တီတို့ကို ဒုသမ္မတရွေးဖို့အတွက် ဘယ်နေ့ကိုရွေးပါဆိုပြီး အန်တီတို့ကို ရက်သတ်မှတ်ပေးမှာ၊ တစ်ပတ်ထပ်တိုးမယ် လို့ကြားတယ်၊ မနက်ဖြန်မှ ကြေညာတဲ့အပေါ်မှာမူတည်ပြီး အန်တီတို့ ၇ ရက်နေ့ဆို ၇ ရက်နေ့တင် ထားမယ်၊ ၈ ရက်နေ့လောက်ရွေးမယ်ပေါ့ သဘောတစ်ခုကပေါ့နော်"

မနက်ဖြန်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကြေညာမှာဖြစ်တယ်လို့ အစည်းအဝေး အစီအစဉ်လျာထားချက်မှာ ပါရှိတာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို ရွေးချယ်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ခုပေါင်းက တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ စုစုပေါင်း အဖွဲ့ ၃ ဖွဲ့က ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။

အဲ့ဒီထဲကမှ နိုင်ငံတော်သမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက်မှာဖြစ်ပြီး ကျန်တဲ့ ၂ ဦးက ဒုတိယသမ္မတတွေအဖြစ် တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။