စခန်းငါးခုသိမ်းနိုင်ပြီး စစ်ကောင်စီတပ်သား ၁၈ ဦးသေကြောင်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်
၁၀၂၇ စစ်ဆင်ရေး ပထမနေ့က TNLA ရဲ့ တပ်မဟာ (၁) နဲ့ တပ်မဟာ (၆) ဒေသမှာ စစ်ကောင်စီတပ်စခန်း ငါးခုသိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-10-28 -
-
-
အောက်တိုဘာလ ၂၇ ရက်မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမနေ့က TNLA ရဲ့ တပ်မဟာ (၁) နဲ့ တပ်မဟာ (၆) ဒေသမှာ စစ်ကောင်စီတပ်စခန်း ငါးခုသိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာလ ၂၈ ရက် သတင်းထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ တပ်မဟာ (၁) ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းပိုင်းက ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင်တပ်စခန်းနဲ့ မန်မိုင်တပ်စခန်းတွေကို သိမ်းနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးရဲ့ ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် TNLA တပ်မဟာဒေသ (၆) ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ မိုင်းကျက်တပ်စခန်းနဲ့ တိန်တန်တပ်စခန်းတွေကိုလည်း လက်နက် ခဲယမ်းတွေနဲ့အတူ သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ်နဲ့ ဟောင်ဝစ်ဇာအမြောက်နဲ့ (၁၂) ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုကိုတော့ ဖော်ပြထားတာမရှိပါဘူး။
စစ်ကောင်စီတပ်သားတွေ သေဆုံးမှုအရေအတွက်အပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းရွှေဟော် ဖောင်ဆိပ်နဲ့ တာပါးတံတား ကင်းစခန်းက တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ ပြည်တွင်းမီဒီယာတချို့ကို အောက်တိုဘာလ ၂၇ ရက်က ဖြေဆိုထားပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကတော့ အခုဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကို တွေ့ဆုံဆွေးနွေးကြဖို့ အောက်တိုဘာလ ၂၇ ရက်မှာ တိုက်တွန်း ထားပါတယ်။