ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၃ ပါတီကို ဖျက်သိမ်းလိုက်ပြီး အဲဒီ ၃ ပါတီက ပါတီဝင်တွေနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို အသစ်ဖွဲ့စည်းလိုက်ပါတယ်။
ကရင်ပါတီတွေ ကွဲပြားနေရင် ရှေ့ဆက်လုပ်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်နေတာကြောင့် ကရင် လူထုတွေရဲ့ဆန္ဒအရ ကရင် ၃ ပါတီကို ပေါင်းစည်းထူထောင်လိုက်တာလို့ ကရင်ဒီမိုကရက်တစ်ပါတီ စာပေယဉ်ကျေးမှုဌာနမှူး စောနေရင် က ဒီနေ့ ပြောပါတယ်။
"ကရင်လူထုတွေရော၊ မဲဆန္ဒရှင်တွေအားလုံးကရော၊ ဒေသခံတွေကရော၊ ကရင်ပါတီအားလုံး ကွဲကွဲပြားပြားဖြစ်နေရင် ရှေ့ဆက်လုပ်ဆောင်စရာရှိတဲ့အလုပ်တွေ ခက်ခဲနေလို့ ပေါင်းစည်းလိုက်တာဖြစ်ပါတယ်၊ တူညီတဲ့ခံယူချက်၊ တူညီတဲ့သဘောထား၊ တူညီတဲ့မူဝါဒတွေ စုပေါင်းပြီးတော့ မူလပထမ ၆ ပါတီကနေပြီးတော့ ၁ ပါတီတည်းပေါင်းဖို့ လုပ်ဆောင်ရာကနေပြီးတော့ နောက်ဆုံး ၃ ပါတီတည်း ပေါင်းစည်းလိုက်တဲ့သဘောပါ၊ ပေါင်းလိုက်တဲ့ ၃ ပါတီရဲ့ နာမည်ကတော့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဖြစ်ပါတယ်"
ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ နဲ့ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ၃ ခုကို ဖျက်သိမ်းလိုက်ပြီး ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းလိုက်တာပါ။
ကရင်နိုင်ငံရေးပါတီ ၆ ခုက ကရင်နိုင်ငံရေးပါတီ တစ်ခုထဲဖြစ်ရေးကို ဆွေးနွေးခဲ့ကြတာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကတည်းကဖြစ်ပြီး လက်ရှိ ၃ ပါတီ ပေါင်းစည်းလိုက်တာဖြစ်ပါတယ်။
ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတွေကတော့ လက်ရှိမှာ မပေါင်းစည်းနိုင်သေးပေမယ့် အဲဒီပါတီ ၃ ခုနဲ့ပါ ပေါင်းစည်းဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ စောနေရင် ကပြောပါတယ်။
ပါတီ ၃ ခုကို မနေ့ကရက်စွဲနဲ့ ပါတီဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ ကရင်အမျိးသား ဒီမိုကရက်တစ်ပါတီ နာမည်နဲ့ ပါတီသစ်လျှောက်ထားခွင့်ရရှိကြောင်းကိုမနေ့က ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ စောနေရင် က ပြောပါတယ်။