စစ်ကောင်စီတပ်ကြောင့် ဒဏ်ရာရခဲ့တဲ့ ဒီပဲယင်းနဲ့ မြင်းမူက ဒေသခံသုံးဦး သေဆုံး
2024.05.14

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်တွေမှာ မေလ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းဝင်ရောက်စီးနင်းမှုအတွင်း ဒဏ်ရာခဲ့သူတွေထဲက ဆေးကုသနေရင်းသေဆုံးသူ သုံးဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာကို စစ်ကောင်စီတပ်ကဝင်စီးနင်းချိန် ဒဏ်ရခဲ့သူ ၁၆ ဦးရှိခဲ့ပြီး ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ရွာကို လေကြာင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူ ၂၃ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲ ဒီပဲယင်းမြို့နယ်က အမျိုးသားတစ်ဦး၊ မြင်းမူမြို့နယ်က အဘွားတစ်ဦးနဲ့ အမျိုးသားတစ်ဦး၊ စုစုပေါင်း သုံးဦးဟာ ပြင်းထန်ဒဏ်ရာကြောင့် မေလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒဏ်ရာကနေ သက်သာလာသူတွေလည်းရှိပေမဲ့ လက်ရှိချိန်အထိ အသက်အန္တရာယ်စိုးရိမ်ရသူ နေက်ထပ်သုံးဦး ရှိနေသေးတယ်လို့ လက်ထုတ္တောရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒဏ်ရာကနေ ပြန်သက်သာလာတဲ့သူက ကျွန်တော်သိသလောက်ဆိုရင် ငါးဦးလောက်ရှိပြီ။ နောက်ထပ် ကျန်တဲ့အထဲက သုံးဦးလောက်က အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဖြစ်စဉ်ဖြစ်ပြီးနောက်နေ့မှာ အဘွားက ကျောပြင်မှာ မီးလောင်ဒဏ်ရာရထားတယ်၊ သေနတ်ဒဏ်ရာလည်းရထားတာကြောင့် ဆုံးသွားတယ်။ နောက်ထပ် အမျိုးသားတစ်ဦးကလည်း မနေ့ညက ထပ်ဆုံးတယ်”
ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာက ဒဏ်ရာသူ ၂၃ ဦးထဲမှာလည်း အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး မေလ ၁၃ ရက်နေ့မှာ သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားခြောက်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေအတွက် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ မကြီးအုပ်ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
"ဒဏ်ရာရသူတွေထဲက သက်သာတဲ့သူ မရှိသေးဘူး။ ဆေးဝါးလည်း လိုအပ်နေတယ်တဲ့။ အကိုက်အခဲပျောက်ဆေး၊ ထိုးဆေးတွေနဲ့ သောက်ဆေးတွေ Drip ချိတ်တဲ့ပုလင်းတွေ လိုအပ်နေပါတယ်။ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ကျန်နေသေးတယ်။ ဆေးဝါးအကူအညီလည်း လိုအပ်နေတယ်”
ဒဏ်ရာသူတွေကို ကူညီပေးနေမှု ရှိ၊ မရှိအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
မေလ ၁၁ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ကြောင့် မြင်းမူနဲ့ ဒီပဲယင်းမြို့နယ်မှာ ဒေသခံ ၃၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက သုံးဦးသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၄၁ ဦး ရှိလာပြီဖြစ်ပါတယ်။