စစ်ကိုင်း လူကုန်ကူးမှု သံသယရှိသူတွေဖမ်းမိ
2019.12.17

တရုတ်ပြည်နယ်စပ်မှာ လူကုန်ကူးခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်က ဆယ်ကျော်သက် အမှုနဲ့ ပတ်သက်တယ်လို့ ယူဆရသူ သုံးဦးကို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီး ရရှိခဲ့တယ်လို့ မန္တလေးမြို့ အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ကနေ သိရပါတယ်။
မူဆယ်-မန္တလေးကားလမ်း ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ အဲဒီသုံးယောက်ကို စစ်မေးတဲ့အခါ ဒီမိန်းကလေး ဘယ်မှာရှိမလဲ သူတို့မသိကြောင်း၊ ဒီမိန်းကလေး ဒုက္ခရောက်နေလို့ ကယ်တင်ကြမယ်ဆိုပြီး facebook လူမှုကွန်ရက်ပေါ် ဗွီဒီယိုဖိုင်တင်ခဲ့တဲ့ ကျော်ကျော်ဆိုသူနဲ့ အတူပါသွားတယ်လို့ ထွက်ဆိုကြောင်း မန္တလေး လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့စုက ရဲမှူး မျိုးဇင်က RFA ကို ပြောပါတယ်။
“ကောင်မလေးက ကယ်တဲ့အဖွဲ့နဲ့ပဲ ပါသွားပါတယ်။ စက်ရုံတစ်ရုံမှာတော့ ရှိမယ်လို့ ယူဆတယ်။ ဒါပေမဲ့ ဘယ်မှာရှိနေလဲတော့ သူတို့မသိဘူး၊ သူတို့လည်း ရှာနေတယ် ပြောပါတယ်။ ကယ်သွားတဲ့ အဖွဲ့နဲ့ ပတ်သက်တဲ့ အချက်အလက်တော့ မသိနိုင်သေးဘူး၊ သူတို့လုပ်ငန်းထဲ ရှိနေမယ်လို့ မျှော်လင့်ရတယ်”
စုံစမ်းစစ်ဆေးဆဲ ကာလအတွင်း အသေးစိတ် အချက်အလက်တွေ ထုတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ မမြတ်သူရဲ့မိခင်ဖြစ်သူက နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
ကျော်ကျော်ဆိုသူက “တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများ ဆုံဆည်းရာ-အရေးကြီးသတင်းနှင့် အလုပ်အကိုင်” ဆိုတဲ့ စာမျက်နှာမှာ... “မိန်းကလေးတစ်ယောက် လူကုန်ကူးခံရပြီ၊ အဒေါ်ကိုယ်တိုင် ထည့်ပေးလိုက်တာ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၆ ရက် နေ့မှာ တင်ခဲ့တာပါ။
ပျံ့နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကို အခြေခံပြီးတော့ မင်းကွန်းတိုက်နယ်မှာ နေထိုင်တဲ့ မမြတ်သူရဲ့ မိခင်က ကျေးရွာလူကြီး တွေကို အကူအညီတောင်းပြီး အမရပူရမြို့နယ် ရဲစခန်းမှာ လူပျောက်တိုင်တန်းခဲ့သလို၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကိုလည်း တိုင်ကြားထားပါတယ်။
တစ်နိုင်ငံလုံး လူကုန်ကူးမှုရဲ့ ၈၀ ရာခိုင်နှုန်းက မန္တလေးတိုင်းမှာ ဖြစ်ပွားပြီးတော့၊ တစ်နှစ်ထက် တစ်နှစ် ပိုများလာပြီးတော့ တရုတ်မယားအဖြစ် အများဆုံး ရောင်းစားခံရတယ်လို့ မန္တလေး လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့စုကနေ သိရပါတယ်။
တရုတ်မှာ မြန်မာအမျိုးသမီး တစ်ယောက်ကို ကျပ်သိန်း ၂၀၀ ဝန်းကျင်နဲ့ ရောင်းစားနေကြတယ်လို့ သိရပါတယ်။ ရောင်းစားခံရသူဟာ တရုတ်အမျိုးသားတွေရဲ့ အငှားကိုယ်ဝန်ဆောင်ပေးသူအဖြစ် လုပ်ကိုင်ရတာရှိသလို၊ ဇနီးသည် ဖြစ်သွားသူတွေလည်း ရှိပါတယ်။ တချို့ အမျိုးသမီးတွေကတော့ ကလေးမွေးပေးပြီးနောက်မှာ ပြည့်တန်ဆာလုပ်ငန်းထဲ ရောင်းချခံရကြောင်း သိရပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ လူကုန်ကူးမှုတွေ ပိုများလာတယ်လို့ မူဆယ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ရဲမှူး ကျော်ညွန့် က RFA ကို မေလကုန်ပိုင်းက ပြောပါတယ်။
နယ်စပ်ဒေသမှာ အလုပ်အကိုင် ရရှိမယ်ဆိုတဲ့ မက်လုံးတွေကို ယုံကြည်ပြီး အနယ်နယ် အရပ်ရပ်ကနေ လိုက်ပါ လာသူ အများအပြားဟာ တရုတ်အမျိုးသားတွေဆီမှာ ရောင်းစားခံခဲ့ရကြောင်း၊ ၂၀၁၈ မှာ ဖမ်းဆီးမိခဲ့တဲ့ အမှုပေါင်း ၄ဝ ရှိကြောင်း သူက ပြောပါတယ်။