ရှမ်းမြောက်မှာ လေးရက်အတွင်း မိုင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး

2022.06.22
ရှမ်းမြောက်မှာ လေးရက်အတွင်း မိုင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံး လက်နက်ကြီးကြောင့် သေဆုံးခဲ့သည့် ဇွပ်အောက်ဒုက္ခသည်စခန်းမှ အမျိုးသမီးနှစ်ဦး၏ ဈာပနာအခမ်းအနားအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဇွန်လ ၁၇ ရက် နေ့ကနေ ၂၀ ရက်နေ့အထိ လေးရက်အတွင်း မိုင်းနဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။

သီပေါမြို့နယ် ထန်စန့်ရွာသားအချို့ ဇွန်လ ၂၀ ရက်နေ့က တောထဲဟင်းစားရှာသွားရင်း မိုင်းနင်းမိတာကြောင့် အသက် ၄၀ ကျော်အရွယ် ဦးအောင်အေးဆိုသူ နေရာမှာပဲ သေဆုံး သွားခဲ့တာပါ။

“ဟုတ်တယ်ဗျ။ သူတို့တောထဲသွားတာ တစ်ယောက်က မိုင်းထိလို့ နေရာမှာပဲ ဆုံးတယ် ပေါ့နော်။ ကျန်တဲ့သူတွေ အခြေအနေတော့ မသိရဘူး။ အဲဒီရွာတွေဘက်က ဖုန်းလိုင်းက သိပ်မမိတော့ အသေးစိတ်တော့မသိရဘူး” လို့ ထန်စန့်ရွာသားတွေနဲ့ နီးစပ်တဲ့ သီပေါမြို့ခံ စိုင်းငယ်လေးက RFA ကို ပြောပါတယ်။

ရွာသားတွေနင်းမိတဲ့ မိုင်းအမျိုးအစားနဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့က ထောင်ထားတာလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ထန်စန့်ရွာအနီးတစ်ဝိုက်မှာ ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့လည်း စိုင်းငယ်လေးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက လူဦးရေ ၁၂၀၀ လောက်နေထိုင်တဲ့ ကာလိုင်အုပ်စု၊ ဇွပ်အောင်ဒုက္ခ သည်စခန်းထဲကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က လက်နက်ကြီးနှစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနေ့ မနက်ပိုင်းက ကွတ်ခိုင်မြို့မှာရှိတဲ့ စစ်ကောင်စီဗျူဟာစခန်းကို TNLA က မြို့ အထွက်ကနေ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ရင်း ဒုက္ခသည်စခန်းထဲကို ကျရောက်ခဲ့တာလို့ ဒေသခံတွေက ပြောကြ ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကျည်လားဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသလို စစ်ကောင်စီဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မေလအတွင်း ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အထိ မြန်မာနိုင်ငံတစ်ဝန်း မိုင်းပေါက် ကွဲမှုပေါင်း ၅၄ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦးနဲ့ ဒဏ်ရာရသူ ၈၀ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မှာတော့ မိုင်းပေါက်ကွဲမှု ၃၄ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးနဲ့ ဒဏ်ရာရသူ ၅၄ ဦး ရှိခဲ့တာကြောင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထက် ရာခိုင်နှုန်းပိုများတယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။