စစ်ကိုင်းတိုင်း ကလေးမြို့မှာ သြဂုတ် ၁၄ ရက်မနေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ကျောင်းဆရာမ သုံးဦးတို့နဲ့ ဒီနေ့ သြဂုတ် ၁၅ ရက်နေ့မှာ ရာဇဂြိုဟ်ရွာက အမျိုးသားခြောက်ဦးတို့ ဖမ်းဆီးခံ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာမ သုံးဦးကတော့ သြဂုတ် ၁၄ ရက် မနေ့က နေလယ် ၂ နာရီခန့်က ကလေးမြို့ပေါ်စမ်းမြို့ ရပ်ကွက်က သူတို့နေအိမ်မှာဖမ်းဆီးခံရတာဖြစ်ပြီး အမျိုးသားခြောက်ဦးကတော့ သြဂုတ် ၁၅ ရက် ဒီနေ့ မနက် ခြောက် နာရီခန့်အချိန် ရာဇဂြိုဟ်ရွာမှာ စစ်တပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတာလို့ ရာဇဂြိုလ် ရွာဒေသခံ တွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဆရာမ သုံးဦးကတော့ ဒေါ်သန်းသန်းစိုး၊ ဒေါ်ပုန်ခမ့်ကျိမ်၊ ဒေါ်ဟန်နီမီမီ တို့ ဖြစ်ကြပြီး ကလေးမြို့ပေါ်ကကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေဖြစ်ကြပါတယ်။
စစ်ကောင်စီက ခန့်ထားတဲ့ ရာဇဂြိုဟ်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းဟာ ပြီးခဲ့တဲ့ မေလတုန်းက အသတ်ခံခဲ့ရပါတယ်။ ရာဇဂြိုဟ်ရွာထဲက အဖမ်းခံလိုက်ရသူတွေကတော့ ကိုဝေယံအောင်၊ ဦးဝင်းမြင့် စိုး၊ ကိုအဲဌေး တို့ဖြစ်ပြီးတော့ ကျန်အမျိုးသားသုံးယောက်တို့ရဲ့ အမည်ကိုတော့ မသိရသေးဘူးလို့ ရာဇဂြိုဟ် ဒေသခံတွေက ပြောပါတယ်။
သူတို့ကို ဘယ်ကိုဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို RFA က သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကလေးမြို့ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ပစ်ခတ်လို့ သေဆုံးသူလေးဆယ်ကျော်နဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ခုနှစ်ဆယ် ကျော်ရှိတယ်လို့ ကလေးမြို့ခံ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။