နေပြည်တော်မှာ ဆန္ဒပြကျောင်းသူ/သား ၃၀ ကျော် ဖမ်းဆီးခံရ

အာဏာရှင်ဆန့်ကျင်ရေး နေပြည်တော် အထက (၁၄) မှ ကျောင်းသားများနှင့် ဆန္ဒပြသူများကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
အာဏာရှင်ဆန့်ကျင်ရေး နေပြည်တော် အထက (၁၄) မှ ကျောင်းသားများနှင့် ဆန္ဒပြသူများကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ကျောင်းသားစစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဝိုင်းရံပိတ်ဆို့ပြီး ကျောင်းသူကျောင်းသား အယောက် ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ‌ရွှေကြာပင်ရပ်ကွက် အထက (၁၄) က ကျောင်းသားဟောင်းတွေနဲ့ လက်ရှိ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေ ပါ၀င်တဲ့ သပိတ်စစ်ကြောင်းဟာ မနက် ၇ နာရီလောက်က ရွှေကြာပင်ကနေ စထွက်ပြီး လူစည်ကားရာ သပြေကုန်းစျေး၊ ကျောက်စိမ်းပြတိုက်နဲ့ အဆင့်မြင့်စျေးအနီးကို လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။

အဆင့်မြင့်စျေး စည်ပင်ဘဏ်ရှေ့ အရောက်မှာ တင့်ကားတစ်စီးနဲ့အတူ လက်နက်ကိုင်စစ်သား အပြည့်ပါ၀င်တဲ့ စစ်ကားငါးစီးက ၀န်းရံ ပိတ်ဆို့ပြီးနောက် ကျောင်းသားတွေအပါအဝင် စုစုပေါင်း ဆန္ဒပြသူ ၃၅ ဦးလောက်ကို ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ၈၈-မျိုးဆက် ကျောင်းသားတစ်ဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

အဲဒီဆန္ဒပြ ကျောင်းသူကျောင်းသားတွေကို နေပြည်တော် အချုပ်ထောင်ကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။