၂၁ ပင်လုံ ညီလာခံကျင်းပနိုင်ရေး ပြန်လည်တေ့ွဆုံဆွေးနွေးဖို့ သဘောတူထား

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် ရက်သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီလကုန်မှာ တွေ့ဆုံဖို့ သဘောတူထားပါတယ်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် ရက်သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီလကုန်မှာ တွေ့ဆုံဖို့ သဘောတူထားပါတယ်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို အခုလကုန်မှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းကော်မတီ အစည်းအဝေးတွေအတွက် အချိန်လုံလောက်မှု မရှိတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်တာဖြစ်တယ် လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

“UPDJC အတွင်းရေးမှူးအဖွဲ့ ပမာဏအစည်းအဝေး၊ UPDJC တစ်ဖွဲ့လုံးအစည်းအဝေး၊ နောက်ပြီးတော့ ကဏ္ဍကြီး ၅ ရပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကော်မတီ အစည်းဝေးတွေကိုလည်း ဆက်တိုက်ကျင်းပရပါတယ်။ လုပ်ငန်းကော်မတီတွေက အချိန်လုံလုံလောက်လောက် မထိုင်ရဘူးဆိုပြီးတော့ ကန့်ကွက်တာရှိတော့ ဒီတစ်ပတ်တော့ လုပ်ငန်းကော်မတီတွေ အချိန်လုံလုံလောက်လောက်ထိုင်ဖို့ ၂ ပတ်အထိ အချိန်ကန့်သတ် ပါတယ်။ ဒီတော့ မေလထဲမှာတော့ အခက်အခဲဖြစ်သွားတာ အချိန်မလုံလောက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရွှေ့တယ်လို့ ယူဆပါတယ်”

အစိုးရနဲ့ မတွေ့ခင် အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို အခုလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပဖို့ရှိပြီး တိုင်းရင်းသားတွေဘက်က ကျင်းပလိုတဲ့ရက်ကို ညှိနှိုင်းသတ်မှတ်သွားဖို့ ရှိပါတယ်။

လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ ဆွေးနွေးခဲ့စဉ်က ကျန်နေသေးတဲ့ နိုင်ငံတော်မှာ တပ်မတော် တစ်ရပ်တည်းထားရှိဖို့၊ နိုင်ငံတော်ကနေ မည်သည့်အစိတ်အပိုင်းမှ ခွဲမထွက်ရဆိုတဲ့ အချက်တွေ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရရှိလာတဲ့အချက်တွေနဲ့ အဖွဲ့အစည်းအလိုက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို ဆွေးနွေးသွားဖို့ လျာထားတယ်လို့ ပြောပါတယ်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ပြီးခဲ့တဲ့နှစ် မေလက ကျင်းပခဲ့ပြီး NCA သဘောတူစာချုပ် မူဘောင်မှာ ၂၁ ရာစုပင်လုံညီလာခံကို တစ်နှစ်နှစ်ကြိမ် ကျင်းပဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org