မြန်မာနိုင်ငံ တွေးခေါ်ရှင်အဖွဲ့ ထူထောင်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေ ဆိုင်ရာ မူဝါဒတွေကို လွတ်လပ်စွာ သုတေသနပြု ရေးဆွဲ အကြံပြုမယ့် တွေးခေါ်ရှင်အဖွဲ့ကို စတင်ထူထောင် ဖွဲ့စည်းလိုက်ပြီလို့ အဖွဲ့ဝင် ဒါရိုက်တာတဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။
-
2011-08-24 -
-
-
အဲဒီအဖွဲ့ကို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရင်းအမြစ် ဆိုင်ရာ အဖွဲ့အစည်း MDRI (Myanmar Development Resource Institute) ဆိုတဲ့ နာမည်နဲ့ တည်ထောင်လိုက်တာ ဖြစ်ပြီး၊ ပါမောက္ခ ဒေါက်တာ လှမြင့်၊ အမေရိကန် ကိုလံဘီယာ တက္ကသိုလ်က ဒေါက်တာ ရော်နယ်လ် ဖင်းလေး စတဲ့ ပြည်ပရောက် ပညာရှင်တွေက နာယက အဖြစ် ဦးစီးမှာ ဖြစ်ပြီး၊ ရုံးချုပ်ကိုတော့ ရန်ကုန်ပြည်လမ်း ၆ မိုင်မှာရှိတဲ့ ယခင် မြန်မာစာ အဖွဲ့ရုံးမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။
အဲဒီ တွေးခေါ်ရှင်အဖွဲ့ လက်အောက်မှာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး ဌာန၊ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး ဌာန၊ ဥပဒေရေးရာ ဌာနတို့ ပါဝင်ပါတယ်။ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး ဌာနကို စီးပွားရေး ပညာရှင်တွေဖြစ်တဲ့ ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်၊ ဦးစိန်လှဘိုနဲ့ သံအမတ်ကြီးဟောင်းတွေ ဖြစ်ကြတဲ့ ဦးကျော်တင့်ဆွေ နဲ့ ဦးသောင်းထွန်း တို့ပါဝင်တဲ့ ဒါရိုက်တာ ၅ ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနကို ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်၊ ဦးရဲတင့်တို့ ဦးစီးမှာ ဖြစ်ပြီး၊ ဥပဒေရေးရာ အဖွဲ့မှာတော့ ဦးစစ်အေး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးသန်းကျော်တို့က ဒါရိုက်တာတွေ အဖြစ် ဦးဆောင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အရင်းအမြစ် ဆိုင်ရာ အဖွဲ့အစည်း လို့ခေါ်ဆိုတဲ့ အဲဒီ တွေးခေါ်ရှင် အဖွဲ့ ဖွဲ့စည်းရေးကို ပြီးခဲ့တဲ့ မေလ အတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က အဆိုပြုခဲ့တာ ဖြစ်ပြီး၊ တခြား ကမ္ဘာ့ နိုင်ငံတွေမှာလိုဘဲ အစိုးရက ဝင်ရောက် စွက်ဖက်ခြင်း ကင်းတဲ့ တွေးခေါ်ရှင် အဖွဲ့ (Think Tank) တခု အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း MDRI မှာ ပုံမှန် လုပ်ငန်းတွေ အပြင် သင်တန်းနဲ့ ဆွေးနွေးပွဲတွေ ကျင်းပသွားမှာ ဖြစ်ကြောင်း၊ ဒီအဖွဲ့ ထူထောင်မှုနဲ့ ပတ်သက်လို့ မကြာခင် အများ ပြည်သူ သိရှိအောင် တရားဝင် သတင်း ထုတ်ပြန်ဖို့ ရှိကြောင်း အဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။