သြင်္ကန်အကြိုနေ့နဲ့ အကျနေ့တွေမှာ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။
အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေထဲမှာ ယာဉ်မတော်တဆမှုနဲ့ ထိခိုက်ဒဏ်ရာရပြီး ရောက်လာတာ အများဆုံးဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာခင်သိင်္ဂ ီမြင့် က ပြောပါတယ်။
"ထိခိုက်ဒဏ်ရာ သုံးပိုင်းခွဲထားတယ်။ ယာဉ်မတော်တဆမှုရယ်၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုနဲ့ အခြား အသေးစားထိခိုက်ဒဏ်ရာဆိုပြီး ခွဲထားတယ်။ အများဆုံးကတော့ ယာဉ်မတော်တဆမှုကြောင့်ပဲ များတယ်။ ယာဉ်ထိခိုက်တဲ့နေရာမှာ သေပြီးတော့ ရောက်တော့ CASE တွေတော့ ဒီနှစ်ရက်မှာ မရှိသေးဘူး"
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှာ တက်ရောက်ကုသတဲ့ လူနာအရေအတွက်က သြင်္ကန်အကြိုနေ့မှာ ၁၅၉ ယောက် နဲ့ အကျနေ့မှာ ၁၇၇ ယောက်ရှိခဲ့တာပါ။
ရန်ကုန်ဆေးရုံအရေးပေါ်ဌာနမှာ သြင်္ကန်ကာလအတွင်း ထိခိုက်ဒဏ်ရာရလာတဲ့ လူနာတွေကို ကုသပေးနိုင်ဖို့ အတွက် သြင်္ကန်မတိုင်ခင် တစ်လလောက်အလိုကတည်းက ဆေးဝါးနဲ့ လူအင်အား တွေကို ကြိုတင်ပြင်ဆင် ထားတယ်လို့ သိရပါတယ်။
သြင်္ကန်ကာလတွင်းမှာ အရေးပေါ်ဌာနရောက်လာတဲ့ လူနာ ၃၀၀ ကျော်က ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရတာ၊ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရတာနဲ့ အခြားမတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သေဆုံးလူနာ ရောက်လာတာ မရှိပေမယ့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသူတစ်ဦး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးဆေးရုံကြီးမှာ သြင်္ကန်အကြိုနေ့က ထိခိုက်ဒဏ်ရာရပြီး လာရောက်ကုသတဲ့ လူနာ ၁၁၄ ယောက် ရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာက အများဆုံးဖြစ်တယ်လို့ မန္တလေး အထွေထွေ ရောဂါကုဆေးရုံ၊ ဆေးနှင့်လူမှုဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။