သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဂျပန်ကုမ္ပဏီနဲ့ အစိုးရတို့ လက်မှတ်ရေးထိုး

ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဂျပန်ကုမ္ပဏီတစ်ခုနဲ့ မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးပွဲကို ဒဂုံမြို့နယ်ရှိ Park Royal Hotel မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်နေရာကို Google Map ပေါ်မှာမြင်ရစဉ်
သီလဝါ အထူးစီးပွားရေးဇုန်နေရာကို Google Map ပေါ်မှာမြင်ရစဉ် (Photo: Google Map)

အခမ်းအနားမှာ အမျိုးသားစီမံကိန်းနဲ့ စီးပါွးရေးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က မြန်မာနိုင်ငံက အထူးစီးပွားရေးဇုန်စီမံကိန်းတွေထဲမှာ ဒီ သီလဝါအထူးစီးပွားရေးဇုန်ဟာ အကြီးဆုံးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ မြန်မာနိုင်ငံအတွက် သိပ်ကိုအရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။

မြေဧကပေါင်း ၅ဝဝဝကျော် ကျယ်ဝန်းတဲ့ အဲဒီ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် နိုင်ငံတကာရဲ့စိတ်ဝင်စားမှုကို ရရှိမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွါးလာပြီး တိုင်းပြည်အတွက် ဝင်ငွေတိုးလာမှာဖြစ်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားဟာ ဂျပန်အစိုးရနဲ့ လုပ်ငန်းသဘောအရ ပူးပေါင်းလုပ်ဆောင်တဲ့ အနေအထားတင်မဟုတ်ဘဲ နှစ်နိုင်ငံချစ်ကြည်မှု ဆက်ဆံရေးအတွက်ပါ အရေးပါတယ်လို့သိရပါတယ်။