လွှတ်တော်ကိုယ်စားလှယ် အိမ် ဖောက်ထွင်းခံရပြီး အိမ်ရှင်ကို ဓားနဲ့ထိုး
2016.06.24

စမ်းချောင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးရဲ့ နေအိမ် ဒီကနေ့မနက်က ဖောက်ထွင်းခံရပြီး အသက် ၇၀ ကျော်အရွယ် အိမ်ရှင်အမျိုးသမီး ဓါးထိုးခံခဲ့ရတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူရပါတယ်။
အိမ်ရှင်ရဲ့တိုင်တန်းမှုအရ စမ်းချောင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၅၉ နဲ့ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရရှိရေးအတွက် ဆောင်ရွက်နေတယ်လို့ စမ်းချောင်းရဲစခန်းက ဒုရဲအုပ်သန်းထိုက်က ပြောပါတယ်။
"ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၉ နဲ့တော့ အမှုဖွင့်ထားပါတယ်ခင်ဗျ၊ လောလောဆယ် စိစစ်ဆဲကာလ ဆိုတော့ အတိအကျတော့ မသိရသေးဘူးခင်ဗျ၊ စခန်းအဖွဲ့တွေ၊ တိုင်းအဖွဲ့တွေပေါင်းပြီးမှ ဝင်လမ်းထွက် လမ်းတွေ လောလောဆယ် စိစစ်နေတုန်းပဲ၊ ၄၅၉ ရဲ့ အဓိပ္ပါယ်ကတော့ ညအချိန်ကျော်နင်းဝင်ရောက် တာပေါ့"
ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်ခန့်မှာ နေအိမ်ပြတင်းပေါက်ကနေ လူတစ်ဦး ဝင်ရောက်လာခဲ့တာကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးရဲ့ ယောက္ခမဖြစ်သူက သားဖြစ်သူလို့ထင်ပြီး ခေါ်ခဲ့ပေမယ့် ပြန်မထူး တာကြောင့် အော်ဟစ်အကူအညီတောင်းခဲ့ရာကနေ ဓါးထိုးခံခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။
ကုတ်ပိုး၊ ပုခုံးနဲ့ လက်ပြင်တွေမှာ ဓါးဒဏ်ရာ ၃ ချက်ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူး လို့ ပြောပါတယ်။