သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမားတို့ သီးသန့်တွေ့ဆုံမည်
2015.11.21

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးများမှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ Barack Obama တို့ဟာ မနက်ဖြန် နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့မှာ သီးသန့်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်၂ ဦး မနက်ဖြန်မှာ သီးသန့်တွေ့ဆုံဖို့အတွက် အချိန်ကိုနှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ အာဆီယံဆွေးနွေးပွဲကို လိုက်ပါသွားတဲ့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
ဒါ့အပြင်လည်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မှု၊ တည်ငြိမ်အေးချမ်းစွာ တာဝန် လွှဲပြောင်းမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က အာဆီယံထပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတွေ အတွင်း ထပ်လောင်းရှင်းပြခဲ့တယ်လို့လည်း ဝန်ကြီး ဦးရဲထွဋ်ကပြောပါတယ်။
"အပြင်မှာတွေ့ဆုံမှုကတော့ သမ္မတ အိုဘားမားနဲ့ရှိတယ်၊ မနက်ဖြန်မှာတော့ ကျနော်တို့ တွေ့ဖို့ရှိပါတယ်၊ အချိန်ကတော့ နှစ်ဖက်ညှိတုန်းပဲရှိပါသေးတယ်၊ အဆင်ပြေရင်တော့ တစ်ယောက်နှစ်ယောက်နဲ့ ထပ်တွေ့မယ်၊ ကျန်တာကတော့ အိမ်ရှင်မလေးရှား စီစဉ်ထားတဲ့ အခမ်းအနားလေးတွေ၊ အစည်းအဝေးပွဲတွေ ဆက်တက်ဖို့ပဲ ရှိပါတယ်၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့တော့ အခု အာဆီယံခေါင်းဆောင်တွေ မျက်နှာစုံညီအစည်းအဝေး မှာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခြင်းအပေါ် ဂုဏ်ယူတဲ့အကြောင်းကိုလည်း ကျနော်တို့ ဝိုင်းဆွေးနွေးကြပါတယ်၊ သမ္မတကြီးအနေနဲ့ကတော့ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြု ပြီးတော့မှ တာဝန်လွှဲပြောင်းမှုကို ငြိမ်းချမ်းချောမွေ့စွာနဲ့ ဆောင်ရွက်မှာဆိုတဲ့အကြောင်း ထပ်ပြီးတော့မှ ရှင်းလင်းပြောကြားခဲ့ပါတယ်၊ အဲ့လောက်ပဲရှိပါတယ်"
ဒီကနေ့ အာဆီယံဆွေးနွေးပွဲအတွင်း အာဆီယံနိုင်ငံများနဲ့ တရုတ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံနိုင်ငံများနဲ့ အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သီးသန့်ဆွေးနွေးတာမရှိပေမယ့် စီးပွားရေး ဖွံဖြိုးတိုးတက်ရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြော ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ မလေးရှားနိူင်ငံ ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ဖို့အတွက် မနေ့က နိုဝင်ဘာလ ၂ဝ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၃ ရက် တနင်္လာနေ့မှာ မြန်မာနိုင်ငံ ကို ပြန်လည်ထွက်ခွာလာမှာ ဖြစ်ပါတယ်၊