မန္တလေးက NUG တရားရေးဝန်ကြီးနေအိမ် ချိတ်ပိတ်ခံရ

2021.12.16
မန္တလေးက NUG တရားရေးဝန်ကြီးနေအိမ် ချိတ်ပိတ်ခံရ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ကို တွေ့ရစဉ်
Photo: Citizen Journalist

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးရဲ့ မန္တလေး မဟာအောင်မြေမြို့နယ် နေအိမ်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၅ ရက် မနေ့က လာရောက်ပြီး ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအိမ်ကို အင်အား ၂၀ လောက်နဲ့လာရောက်ပြီး ချိတ်ပိတ်သွားတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အရပ်ဝတ်နဲ့ စစ်သား ၂၀ လောက်ရောက်လာတယ်။ အိမ်ကိုဝင်သွားကြပြီးတော့ ချိတ်ပိတ်သွားတာ တွေ့တယ်။ အိမ်ကလူမရှိတော့ ဖမ်းခံရတဲ့သူတော့ မရှိဘူး"

ဦးသိန်းဦးကို NUG အစိုးရ တရားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က နေအိမ်ချိတ်ပိတ်ခံရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တဲ့ စစ်ရေးသတင်းမှာ အတည်ပြုဖော်ပြထားပေမယ့် ဒါနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ချက်တွေကိုတော့ ဖော်ပြထားတာမရှိပါဘူး။

လက်ရှိ အမျိုးသာညီညွတ်ရေးအစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးသိန်းဦးဟာ တရားလွှတ်တော်ရှေ့နေ တစ်ဦး ဖြစ်သလို ၁၉၉၀ ခုနှစ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ ကိုယ်စားလှယ်တွေနဲ ပါတီကိုဝန်းရံသူ ၅၇ ဦးရဲ့နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းခံခဲ့ ရတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။