ကျောင်းသားတွေ လွှတ်ပေးရေး ဦးသိန်းညွန့်တင်ပြချက် ပြည် ထဲရေး ငြင်းဆို


2016.02.09
u-theinnyunt-620.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကို တွေ့ရစဉ်
Photo: RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို စွဲဆိုထားနဲ့ အမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ ပြည်သူ့လွှတ်တော် ပြီးခဲ့တဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့တာကို ပြည်ထဲရေးဝန်ကြီးဌာန က ပြီးခဲ့တဲ့ရက်ပိုင်းက စာနဲ့အကြောင်းပြန်ကြားရာမှာ အဲဒီအမှုတွေကို ရုပ်သိမ်းလို့ မရကြောင်း ငြင်းဆိုထားတယ် လို့ သိရပါတယ်။

အဲဒီအမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်မယ်ဆိုရင် နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကဏ္ဍကို ထိခိုက်အားနည်းစေတယ်လို့ အကြောင်းပြန်စာမှာ ဖော်ပြထားကြောင်း ဦးသိန်းညွန့် က ပြောပါတယ်။

"တရားရုံးမှာ စစ်ဆေးဆောင်ရွက်ဆဲဖြစ်တဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှာ ကျောင်း သူ၊ ကျောင်းသားနဲ့ အရပ်သူ၊ အရပ်သားများလွှတ်ပေးရေး၊ လွတ်ငြိမ်းချမ်း သာခွင့်ပေးပြီဆိုပါက နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍကို ထိခိုက်အားနည်းစေနိုင်သည့်အတွက် လျော့ပါးထိ ခိုက်စေနိုင်သဖြင့် လေးနက်စွာ စဉ်းစားဆောင်ရွက်ရမယ်ဖြစ်တယ် ဆိုပြီးတော့အကြောင်းပြန်လာတယ်၊ အဲ့ဒါကိုတော့ ကျနော်လက်မခံဘူး"

ဦးသိန်းညွန့် တင်သွင်းခဲ့တဲ့အဆိုမှာ အမှုရင်ဆိုင်နေရပြီး အကျဉ်းကျနေတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံ သူတွေဟာ ကျန်းမာရေးထိခိုက်နေ တာကြောင့် နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ အမှုတွေကို ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

အဲဒီအဆိုကို ပြီးခဲ့တဲ့နှစ် မေလကတည်းက လွှတ်တော်ရုံးထံ တင်သွင်းခဲ့တာဖြစ်ပေမယ့် လွှတ်တော်ထဲမှာ ဆွေးနွေး ခွင့်မရခဲ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲနဲ့ ပြည်သူ့ လွှတ်တော်ရုံးကတစ်ဆင့် အကြောင်းပြန်လာ တာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းခံ ထားရတာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ ၄၅ ယောက်ရှိပြီး တစ်ဦးက အင်းစိန်အကျဉ်းထောင် မှာ ဖြစ်ပါတယ်။

အမှုရင်ဆိုင်နေရသူဟာ ၈၀ နီးပါးရှိပြီး ဒီနေ့အထိ အာမခံနဲ့ လွတ်မြောက်နေသူ ၂၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ ဒီနေ့ သာယာဝတီမြို့နယ်တရားရုံး မှာ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ရုံးထုတ်စစ်ဆေးရာမှာ ဝန်းရံသူတစ်ဦး နဲ့ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဦးသိန်းညွန့်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။