တိုင်းပြည် တည်ငြိမ်မှုရအောင် ကြိုးပမ်းနေတယ်လို့ ဦးသိန်းစိန်ပြော
2012.01.31

Credit: AFP Photo/Roslan Rahman
စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်က Straits Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြား ခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီလွှတ်ပေးခဲ့တာ၊ သတင်းမီဒီယာ ထိန်းချုပ်မှု လျှော့ချပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ အပါအဝင် ပြုပြင် ပြောင်းလဲမှုတွေ သိသိသာသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ အနေနဲ့ မြောက်ကိုရီးယားထံက နျူကလီးယား လက်နက်ရရှိဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့လည်း ဦးသိန်းစိန်က ငြင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ Mt. Elizabeth ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၆ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရတယ်လို့ ဆိုပါတယ်။