The Voice သတင်းထောက် ခြိမ်းခြောက်ခံနေရ
သပိတ်ကျင်းမြို့နယ်က သစ်မှောင်ခိုလုပ်ငန်းအကြောင်း ရေးသား တင်ပြခဲ့တဲ့ The Voice သတင်းထောက် ဦးတင်ဇော်ဦးကို သစ်မှောင်ခို လုပ်ငန်းလုပ်ကိုင်သူတွေက ခြိမ်းခြောက်နေကြောင်း ပြောပါတယ်။
-
2016-10-13 -
-
-
သပိတ်ကျင်းမြို့နယ်က သစ်မှောင်ခိုလုပ်ငန်းအကြောင်း ရေးသားတင်ပြခဲ့တဲ့ The Voice သတင်းထောက် ဦးတင်ဇော်ဦးကို သစ်မှောင်ခို လုပ်ငန်းလုပ်ကိုင်သူတွေက ခြိမ်းခြောက်နေကြောင်း ပြောပါတယ်။
သတင်းရေးသားအပြီး ရဲတပ်ဖွဲ့က သစ်မှောင်ခိုတွေကို ဖမ်းခဲ့တဲ့အတွက် အခုလို ခြိမ်းခြောက်ခံရတာဖြစ်ကြောင်း ဦးတင်ဇော်ဦးက ဒီကနေ့ မန္တလေးမီဒီယာစင်တာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
"ဒါလေးတွေ ဒေသခံက တင်ပြလာတယ်၊ မှန်မှန်ကန်ကန်နဲ့ တင်ပြလာတဲ့အပေါ်မှာ ဖမ်းဆီးအရေးယူဆောင် ရွက်မယ်ဆိုရင် ဒါလေးတွေ လျော့နည်းပပျောက်သွားမယ်လို့ ကျနော်ကယုံကြည်ပါတယ်၊ အဲ့လိုမဟုတ်ဘဲ ဖမ်းဆီးဆောင်ရွက်တာလည်းမရှိဘူး၊ ကျနော်တို့ ဒေသခံကတင်ပြတဲ့အပေါ်မှာ ဒေသခံကိုပြန်ပြီးတော့ ရန်မူတယ်၊ ရန်တိုက်ပေးတဲ့ သဘောမျိုးဆိုရင် ကျနော်တို့မြို့နယ်ဟာ တရားဥပဒေစိုးမိုးမှု လုံးဝအားနည်းသွားနိုင်တယ်၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေလည်း ပိုပြီးတော့များလာနိုင်တယ်"
ဦးတင်ဇော်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က The Voice နေ့စဉ်သတင်းစာ ဝက်ဆိုက်စာမျက်နှာပေါ်မှာ "သပိတ်ကျင်းမြို့နယ်၌ တရားမဝင် သစ်စက်များတည်ထောင်ကာ သစ်မှောင်ခို ထုတ်လုပ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးသားခဲ့တာ ဖြစ်ပါတယ်။
အဲဒီသတင်းကြောင့် နောက်တစ်ရက်မှာ ရဲတပ်ဖွဲ့က သတင်းမှာဖော်ပြထားတဲ့ သစ်မှောင်ခိုတွေကို ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ ညနေမှာ ဦးတင်ဇော်ဦး နေထိုင်တဲ့ သပိတ်ကျင်းမြို့နေအိမ်ကို သစ်မှောင်ခိုလုပ်ငန်းရှင် တချို့နဲ့ လူမိုက်ခေါင်းဆောင်တချို့ ရောက်ရှိလာပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ အထိ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားပေမယ့် အကာအကွယ်ပေးတာမရှိခဲ့ဘဲ ခြိမ်းခြောက်သူတွေ ပြန်သွား ချိန်မှာမှ စစ်ချက်လာယူသွားကြောင်းနဲ့ မိသားစုဝင်တွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့်မထားဘူးလို့လည်း သူကပြောပါတယ်။
သတင်းထောက် ဦးတင်ဇော်ဦး အပါအဝင် မိသားစုဝင် ၆ ဦးစလုံးဟာ သပိတ်ကျင်းမြို့နေအိမ်မှာ မနေတော့ဘဲ ယာယီတိမ်းရှောင်နေကြရပါတယ်။
အခုလိုခြိမ်းခြောက်နေတာတွေကို အကာအကွယ်ပေးနိုင်ဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကို အကူအညီတောင်းခံထားပါတယ်။