ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ အဖွဲ့ ကိုမင်းကိုနိုင် နဲ့ တွေ့ဆုံဆွေးနွေး


2013.09.25
the-elders-88-305.jpg ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ The Elders မှ အဖွဲ့ဝင်သုံးဦးနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်တို့ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ the Strand Hotel မှာ တွေ့ဆုံခဲ့စဉ်
photo: 88 Facebook

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အစိုးရ၊ လွှတ်တော်၊ လွှတ်တော်ပြင်ပ အင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး သဘောတူကျေနပ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ The Elders ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့က သုံးသပ်ကြောင်း ဒီနေ့တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ Strand Hotel မှာ ဒီကနေ့ မနက်ပိုင်းက အမေရိကန်သမ္မတဟောင်း Jimmy Carter ဦးဆောင်တဲ့အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အဲဒီမှာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်အကြောင်း ဆွေးနွေးဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

အားလုံးပါဝင်ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်ဆိုတဲ့နေရာမှာ ဘယ်လောက်ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှု ဖြစ်မလဲပေါ့ဗျာ၊ ကိုယ်စားပြုမှုတွေ ပြည့်စုံဖို့လည်းလိုတယ်၊ နောက်ပြီးတော့ အစိုးရကချည်းပဲချမှတ်တဲ့ ဖြစ်စဉ်မျိုးလည်း မဖြစ်ရဘူးပေါ့ဗျာ၊ ဆိုလိုတာကတော့ အစိုးရအဖွဲ့ရှိမယ်၊ လွှတ်တော်ရှိမယ်၊ လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုတွေရှိမယ်၊ နောက်တိုင်းရင်းသား အဖွဲ့အစည်းတွေရှိမယ်၊ အားလုံးက သဘောတူကျေနပ်တဲ့ နိုင်ငံရေးဖြစ်စဉ် ပူးပေါင်းပါဝင်မှုတွေ အဲဒါမျိုးဖြစ်စေချင်တာပေါ့၊ ဒါကို သူတို့ကလည်း ဒီကိစ္စမျိုးတော့ သဘောထားတူပါတယ်”

ကမ္ဘာ့ခေါင်းဆောင်းဟောင်းများအဖွဲ့ဟာ ဒီနေ့မနက်ပိုင်းကလည်း သီတဂူဆရာတော် အရှင်ဉာဏိဿရနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးထွက်ခွာလာတာဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေးနယ်ပယ် အသီးသီးက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အဲဒီကမ္ဘာ့ခေါင်းဆောင်းဟောင်းများအဖွဲ့ကိုတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ဦးဆောင်ပြီး ဖင်လန်သမ္မတဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အမှုဆောင်ဒါရိုက်တာဟောင်းဖြစ်တဲ့ နော်ဝေဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland တို့ လိုက်ပါလာပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။