သာယာဝတီက စစ်မှုထမ်းစုဆောင်းခံရသူ ၁၅ ဦးခန့် မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ

ရခိုင်စစ်မြေပြင်တွင် သေဆုံးခဲ့သည့် ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းရွာသား ကိုချစ်နန်းအား တွေ့ရစဥ်။
ရခိုင်စစ်မြေပြင်တွင် သေဆုံးခဲ့သည့် ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းရွာသား ကိုချစ်နန်းအား တွေ့ရစဥ်။ (Citizen Photo)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ လက်ပံတုန်းအုပ်စု၊ ရေတွင်းကုန်းရွာမှာ စစ်မှုထမ်းစုဆောင်းခံရသူ ၁၅ ဦးခန့် မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြောပါတယ်။

သူတို့ဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်မှုထမ်းသင်တန်းတွေ စတင်ချိန်က ရေတွင်းကုန်းရွာမှာ ဖမ်းဆီးခံလိုက်ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ၁၅ ဦးအပြင် ရေတွင်းကုန်းရွာက အသက် ၃၀ အရွယ် ကိုချစ်နန်းဆိုသူဟာ ၂၀၂၄ ခုနှစ် မေလအတွင်းမှာ စစ်သားစုဆောင်းခံရပြီး ရခိုင်ပြည်နယ်တိုက်ပွဲမှာ သေဆုံးသွားပြီလို့ ဆိုပါတယ်။

ကိုချစ်နန်း သေဆုံးသွားတာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ မိသားစုကို အကြောင်းကြားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေတွင်းကုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ပံတုန်းအုပ်စု ရေတွင်းကုန်းရွာသား မောင်ချစ်နန်းဆိုသူ ရခိုင်စစ်မျက်နှာမှာ သေဆုံးသွားပြီလို့ မိခင်ဖြစ်သူကို အကြောင်းကြားလာပါတယ်။ သူက အတင်းဝင်ရောက်၊ အဖမ်းခံရတာဗျ။ အခုလက်ရှိ လက်ပံတုန်းအုပ်စုက စစ်မှုထမ်းဥပဒေနဲ့ အတင်းအကျပ် စစ်မှုထမ်းနေရသူ ၁၅ ဦးလောက် ရှိတယ်။ သူတို့တွေ မိသားစုနဲ့ အဆက်သွယ်ပြတ်နေတယ်”

ဒီကိစ္စနဲ့ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပဲခူးတိုင်း၊ သာယာဝတီ၊ လက်ပံတန်း၊ ပြည်၊ အုတ်ဖို စတဲ့မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုပေါင်း ၁၁၆၀ မှုနဲ့ ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦးရှိတယ်လို ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။