လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရပြီး လက်ရှိသာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရဆဲ ကျောင်းသူ ကျောင်းသားတွေဟာ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘူး လို့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေကို သုတေသနပြုစုထားတဲ့ အဖွဲ့ သုံးဖွဲ့က စာတမ်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ၊ Justice Trust နဲ့ Justice Committee အဖွဲ့ ၃ ဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလထဲမှာ ၂ လကျော်ကြာ လေ့လာပြုစုထားတဲ့ စာတမ်းကို ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာနဲ့ပတ်သက်ပြီး ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်နေပိုင် က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။
"တရားရုံးထုတ်တွေမှာ အရေးပေါ်အသည်းအသန်ဖြစ်လာတဲ့ အခြေအနေမှာမူတည်ပြီးတော့သာ ဆေးကု သခွင့်တွေရနေတာဖြစ်တယ်၊ အခုလက်ရှိ ထောင်ထဲမှာဆိုလည်း အရေပြားရောဂါတွေ၊ တီဘီရော ဂါတွေ ဖြစ်နေတယ်၊ သူတို့မှာလည်း စနစ်တကျဆေးကုသခွင့်တွေ မရဘူးဖြစ်နေတယ်ပေါ့နော်၊ အဲ့ဒီတော့ သူတို့နဲ့ပတ်သက်တဲ့ ကျနော်တို့ ဒီဆေးကုသခွင့်ရဖို့ လျှောက်ထားတဲ့နေရာမှာလည်း အာမခံတွေပယ်ချ ခံရတယ်၊ ဆေးကုသခွင့်တွေလည်း ပယ်ချခံရတာတွေ ရှိတယ်ပေ့ါနော်၊ အခုက ဘာဖြစ်နေလဲဆိုတော့ တရားရုံးထုတ်တွေမှာ ကျန်းမာရေး ဆိုးဝါးတဲ့အခြေအနေမှာမူတည်ပြီးတော့ ဆေးကုသခွင့်ပေးနေတာဖြစ် ပြီးတော့ တကယ်ထောင်ထဲမှာ ရောဂါဆိုးဝါးနေတဲ့ ကျောင်းသားတွေကိုတော့ ဆေးကုသခွင့်မရဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်နေတယ်၊ ကျနော်တို့ တွေ့ရတယ်ပေါ့နော် ဒီအနေအထားပါ"
ထောင်ထဲမှာရှိတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေမှာ အဖြစ်များဆုံးက အစာအိမ်ရောဂါဖြစ် ပြီး ထောင်တွင်းမှာ အကိုက်အခဲပျောက်ဆေး Paracetamol နဲ့ ဘာမီတွန်ဆေးဝါးသာ ရှိတယ်လို့ ပြောပါတယ်။
ကျောင်းသူ ကျောင်းသားတွေဟာ သူတို့ရဲ့ တရားရုံးချိန်းတွေအတွင်းမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားတာကြောင့် လက်ရှိ ရန်ကုန်ဆေးရုံကြီးနဲ့ သာယာဝတီဆေးရုံတွေမှာ ဆေးကုသနေရသူ ၂ဝ နီးပါးလောက်ရှိပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့တာကြောင့် လက်ရှိ သာယာဝတီအကျဉ်းထောင် မှာ ကျောင်းသူ ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၅၃ ဦးရှိနေဆဲ ဖြစ်ပါတယ်။