သာပေါင်းမြို့နယ် ရေဘေးထပ်မံကြုံတေ့ွ
2012.09.16

သာပေါင်းမြို့နယ်အထက်ပိုင်းက ကွင်းပေါက်၊ ဘုရားကုန်း၊ သရက်ကုန်းနဲ့ခင်တန်းစတဲ့ ကျေးရွာအုပ်စုတွေမှာ ရေနစ်မြုပ်မှုဒဏ်ခံနေရပြီး ဘုရားကုန်း ကျေးရွာအုပ်စုကတော့ အဆိုးဝါးဆုံး ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ကိုယ်ပိုင်နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်ပိုင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက် ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် အဲဒီဒေသတွေမှာ နေထိုင်သူတွေ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရသလို အခုရက်ပိုင်းအတွင်း ရေပြန်တက်လာတဲ့အတွက် ကျေးရွာအတော်များများမှာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ထပ်မံရင်ဆိုင်နေရတယ်လို့ ကွင်းပေါက်ကျေးရွာသား ဦးတင်ထွန်းက RFA ကိုအခုလို ပြောပါတယ်။
"ဒီနေ့ဆိုရင် ကျွန်တော်တို့ဒေသမှာ တော်တော်လေး အကျပ်အတည်း ဖြစ်နေပါတယ်ခင်ဗျ။ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်။ အခု ရေကပြန်ပြီးတော့ တက်လာပါတယ်။ ကျွန်တော်တို့ အုပ်စုကဆိုရင် ရေဆိုရင် ကုန်းတွေ ပြန်မြုပ်နေပါတယ်ခင်ဗျ။ရေက ၄ ပေ ကျော်ကျော်လောက် တက်လာပါတယ်။ မိုးများရင် ပိုပြီးတက်ပါတယ်။ အိမ်တွေ ရွာတွေကတော့ အခုလောလောဆယ် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်"
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သာပေါင်းမြို့နယ်က ကျေးရွာတွေမှာ ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် ပြည်တွင်း ပြည်ပက အလှူရှင်တွေ လာရောက်ကူညီမှု ရှိခဲ့ပေမယ့် အခုရက်ပိုင်း ရေကြီးမှု ထပ်မံကြုံတွေ့ရချိန်မှာတော့ အကူအညီတွေ ရောက်မလာသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
သာပေါင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းလောက်ကစလို့ မိုးသည်းထန်မှုကြောင့် ရေဘေးဒဏ်ကြုံခဲ့ရပြီး လကုန်ပိုင်းအရောက်မှာ ရေပြန်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် အခုစက်တင်ဘာလ ဒုတိယပတ် အရောက်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နောက်ထပ်တစ်ကြိမ် ရေဘေးနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။