သန်လျင် ရေနံချက်စက်ရုံ ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီ ကြိုးစားနေ

RFA Burmese
2023.12.19
သန်လျင် ရေနံချက်စက်ရုံ ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီ ကြိုးစားနေ ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံမှ ဝန်ထမ်းအချို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာရှိတဲ့ အမှတ် (၁) ရေနံချက်စက်ရုံကို ပြန်လည်ပတ် မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုနိုင်ဖို့အတွက် စက်ရုံပြန်လည်ပတ် နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဆိုထားပါတယ်။

သန်လျင် ရေနံချက်စက်ရုံဟာ ၂၀၁၅ ခုနှစ်ကတည်းက ကုန်ကြမ်းပြတ်လပ်မှုကြောင့် ရပ်ဆိုင်းထားရတာဖြစ်ပြီး လုပ်ငန်းပြန်လည်ပတ်ဖို့ မဖြစ်နိုင်ဘူးလို့ အဲဒီစက်ရုံရဲ့ CDM ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

"စိတ်ကူးယဉ်တာပဲ ဖြစ်မှာ၊ စက်ရုံမှာက မပြုမပြင်ဘဲထားတဲ့ စက်ယန္တရားတွေနဲ့ ရေနံပိုက်လိုင်းပေါင်း ရာနဲ့ချီရှိတယ်။ အဲဒါတွေကိုပြန်ပြီး တိုက်ချွတ်ဆေးကြောတာ၊ ပြုပြင်တာကိုပဲ မနည်းလုပ်ရဦးမယ်။ လုပ်ငန်းလည်ပတ်ဖို့ဆိုရင် စက်ရုံတစ်ခုလုံးကို အသစ်ပြန်တည်ဆောက်မှကိုရမှာ။ ပြီးတော့ ကုန်ကြမ်းကိုရော ဘယ်လိုဝယ်မလဲ၊ ဘယ်လိုသယ်မလဲ"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်လျင် ရေနံချက်စက်ရုံအတွင်းက အဆောက်အအုံတချို့လည်း ထိန်းသိမ်းမယ့်သူ မရှိတာကြောင့် ပျက်စီးနေတယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ ဌာနကြီးနှစ်ဆယ်နဲ့ ဌာနငယ်ပေါင်းများစွာရှိပြီး စက်ရုံလည်ပတ်ချိန်က ဝန်ထမ်းသုံးထောင်နီးပါး ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ် လုပ်ငန်းရပ်ဆိုင်းပြီးနောက်ပိုင်း ဝန်ထမ်းသုံးရာကျော်သာ ကျန်တော့တာလို့ အဲဒီစက်ရုံရဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီအထဲက ဝန်ထမ်းနှစ်ရာနီးပါးဟာလည်း အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတာကြောင့် ဝန်ထမ်းတစ်ရာကျော်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ ကျန်နေတဲ့ ဝန်ထမ်းတစ်ရာကျော်နဲ့ လုပ်ငန်းပြန်လည်ပတ်ဖို့ မဖြစ်နိုင်ဘဲ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ လိုအပ်တယ်လို့ အဲဒီစက်ရုံရဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။